တွင်းထွက်လုပ်ငန်းတွေ ပွင့်လင်းမှုရှိရေး တောင်ကြီး မှာ ဆွေးနွေး
ရှမ်းပြည်နယ်အတွင်း သဘာဝတွင်းထွက် သယံဇာတအရင်းအမြစ် တူးဖော်ထုတ် လုပ်ရေးလုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့အတွက် ရန်ကုန်မြို့အခြေစိုက် မြန်မာဖွံ့ဖြိုးမှုအရင်းအမြစ်သိပ္ပံ MDRI အဖွဲ့က ဦးဆောင်ပြီး တောင်ကြီးမြို့ ဆရာဝန်များအသင်း တိုက်မှာ မနေ့က ဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။
-
2013-09-13 -
-
-
ရှမ်းပြည်နယ်အတွင်း သဘာဝတွင်းထွက် သယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့အတွက် ရန်ကုန်မြို့အခြေစိုက် မြန်မာဖွံ့ဖြိုးမှုအရင်းအမြစ်သိပ္ပံ MDRI အဖွဲ့က ဦးဆောင်ပြီး တောင်ကြီးမြို့ ဆရာဝန်များအသင်းတိုက်မှာ မနေ့က ဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး MDRI အဖွဲ့က မကေသီက RFA ကိုအခုလို ပြောပါတယ်။
“အခုအချိန်မှာ ဒီ EITI ဆိုတာ မြန်မာနိုင်ငံမှာ တကယ့်ကို ဘာသာရပ်အသစ်တစ်ခုလိုမျိုး ဖြစ်နေတယ်လေ၊ အသစ်အကြောင်းကို သေချာလည်းမသိဘူး၊ ဂဃဏနလည်း နားမလည်သေးဘူးဆိုတဲ့အခါမှာတော့ အဲဒီလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့အဖွဲ့ အစည်းတွေက နဂိုမူလလုပ်နေတဲ့ လုပ်ထုံးလုပ်နည်းပုံစံစနစ်တွေကို မပြောင်းချင်သေးတာလေးတွေလည်း ရှိတယ်ပေါ့နော်၊ တချို့ကျတော့လည်း ပြောင်းချင်တယ်၊ ဘယ်လိုပြောင်းရမလဲဆိုတာကို နားမလည်သေးတဲ့အခါကျတော့ လာပြီးတော့ပူးပေါင်းဖို့ အားနည်းနေတာပေါ့နော်၊ တွန့်ဆုတ်နေတာလည်းရှိတယ်”
မြန်မာနိုင်ငံဟာ ဒီနှစ်အတွင်းမှာပဲ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တစ်ခုဖြစ်တဲ့ သဘာဝသယံဇာတ တူးဖော်တဲ့နေရာမှာ ပွင့်လင်းမြင်သာမှု အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ အပြီးသတ်လျောက်ထားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် လာမယ့်အောက်တိုဘာလအတွင်းမှာ MDRI အဖွဲ့က ကမကထပြုြပီး အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ အစိုးရတာဝန်ရှိသူတွေအပါအဝင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သဘာဝသယံဇာတ တူးဖော်တဲ့နေရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့အတွက် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။