ကပ်ဘေးကာလရွေးကောက်ပွဲ မဲပေးခဲ့သူရာခိုင်နှုန်း ၂၀၁၅ ထက်ပိုများ

ကပ်ဘေးကာလအတွင်း ကျင်းပတဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်နဲ့ တိုင်းနဲ့ပြည်နယ်အဆင့် လွှတ်တော်အသီးသီး အတွက် ဆန္ဒမဲပေးမှု ရာခိုင်နှုန်းဟာ ၇၁ ရာခိုင်နှုန်းကျော် ရှိခဲ့တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ၊ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ မဲလာပေးကြသူတွေကို တွေ့ရစဉ် Photo: Aung Thein Kha / RFA

ကပ်ဘေးကာလအတွင်း ကျင်းပတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စု အဆင့်နဲ့ တိုင်းနဲ့ပြည်နယ်အဆင့် လွှတ်တော်အသီးသီးအတွက် ဆန္ဒမဲပေးမှု ရာခိုင်နှုန်းဟာ ၇၁ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲထွက် မဲပေးသူ ပိုများခဲ့ပါတယ်။

အငြင်းပွားဖွယ်ဖြစ်ခဲ့တဲ့၊ NLD သပိတ်မှောက်ခဲ့တဲ့၂၀၁၀ ရွေးကောက်ပွဲမှာတော့ မဲပေးတဲ့ရာခိုင်နှုန်း ၇၇ ရာခိုင်နှုန်းရှိတယ်လို့ အဲဒီကာလ စာရင်းတွေအရ သိရပါတယ်။

၂၀၁၅ မှာတော့ မဲပေးခွင့်ရသူထဲက ၆၉ ရာခိုင်နှုန်း မဲပေးခဲ့ပြီး ဒီနှစ်မှာတော့ ရာခိုင်နှုန်း ပိုတိုးလာတာပါ။

ကပ်ဘေးကြောင့် အသွားအလာ ဆင်ခြင်ရတဲ့ အခြေအနေမှာပဲ မဲထည့်သူ များပြား ခဲ့တာပါ။ အသက် ၁၈ နှစ်ပြည့်လို့ ပထမဆုံး မဲပေးခွင့်ရသူ အရေအတွက်ကလည်း ၅ သန်းရှိခဲ့တာပါ။

ကပ်ဘေးကြောင့် ရွေးကောက်ပွဲပညာပေးရေး အစီအစဉ်တွေ ထိခိုက်ခဲ့ပေမယ့် ပယ်မဲရာခိုင်နှုန်း အများအပြား မရှိခဲ့ပါဘူး။

ပယ်မဲ၊ ပျောက်မဲ အရေအတွက်က အများဆုံး ၃ ရာခိုင်နှုန်းကျော်သာ ရှိခဲ့ပါတယ်။ ခိုင်လုံမဲက ပြည်သူ့လွှတ်တော်အတွက် ၉၆ ရာခိုင်နှုန်းကျော်ရှိပြီး အမျိုးသားလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေအတွက် ၉၇ ရာခိုင်နှုန်း ကျော်ရှိခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းမှာ ဖော်ပြပါတယ်။

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ မှာ ၃၁၅ နေရာ၊ အမျိုးသား လွှတ်တော် ၁၆၈ နယ်မှာ ၁၆၁ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် (၂၉ ) နေရာ အပါအဝင် တိုင်းနဲ့ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၆၇၃ နယ်မှာ ၆၄၁ နေရာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တာကြောင့် လွှတ်တော်အသီးသီးမှာ ၉၅ ရာခိုင်နှုန်းကျော် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါတယ်။

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေကတော့ ပြည်သူ့လွှတ်တော်မှာ ၆၈ ဦး၊ အမျိုးသားလွှတ်တော်မှာ၂၇ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးချယ်အနိုင်ရခဲ့သူမရှိပါ။

ဒါပေမဲ့ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနေရာ အပါအဝင် တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေမှာတော့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၄ ဦး ရွေးကောက်ခံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org