ရွေးကောက်ပွဲ ဥပဒေ ၃ ခုကို ပေါင်းမည်
လက်ရှိကျင့်သုံးနေတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေသုံးခုကို ပေါင်းပြီး ဥပဒေတစ်ခုအဖြစ် ပြဌာန်းနိုင်ဖို့ ရေးဆွဲထားတဲ့ ဥပဒေကြမ်းကို ဒီနှစ်အတွင်း အတည်ပြုနိုင်အောင် ကြိုးပမ်းနေတယ်လို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောပါတယ်။
-
2017-09-13 -
-
-
လက်ရှိကျင့်သုံးနေတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေသုံးခုကို ပေါင်းပြီး ဥပဒေတစ်ခုအဖြစ် ပြဌာန်းနိုင်ဖို့ ရေးဆွဲထားတဲ့ ဥပဒေကြမ်းကို ဒီနှစ်အတွင်း အတည်ပြုနိုင်အောင် ကြိုးပမ်းနေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောပါတယ်။
ရွေးကောက်ပွဲဥပဒေ တစ်ခုတည်းဖြစ်ဖို့အတွက် ဌာနတွင်းမှာ ဆွေးနွေးပွဲ ၁၇ ကြိမ်ကျင်းပပြီး အခန်း ၂၁ ခန်း၊ ပုဒ်မ ၁၁၀ ပါတဲ့ ဥပဒေကြမ်းအဖြစ် ရေးဆွဲထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲ အသုံးစရိတ် ပမာဏနဲ့ပတ်သက်ပြီး နည်းဥပဒေမှာ ပြင်ဆင်ဖို့လည်း စဉ်းစားထားတယ်လို့ သိရပါတယ်။
မြို့နယ်ပေါ် အခြေခံတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တခုမှာ ၁၂ ဦး ရွေးချယ်ခွင့်ရတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နဲ့ မြို့နယ်တဝက်သာပြိုင်ရတဲ့ ပြည်နယ် ဒါမှမဟုတ် တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်းတွေဟာ လက်ရှိဥပဒေတွေအရ ရွေးကောက်ပွဲ အသုံးစရိတ်အဖြစ် တစ်ဦးကို ငွေကျပ် သိန်း ၁၀၀ တန်းတူသုံးစွဲနေရတာဖြစ်ပါတယ်။
လက်ရှိရေးဆွဲထားတဲ့ ဥပဒေကြမ်းကို အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အကြံဉာဏ်ရယူဦးမယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဆိုပါတယ်။
ဥပဒေတခုတည်းဖြစ်သွားတဲ့အခါ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လေ့လာသူတွေ၊ ကိုယ်စားလှယ်တွေ၊ ပြည်သူတွေ အနေနဲ့ လေ့လာရလွယ်ကူသွားမယ်လို့လည်း ဦးတင်ထွန်းက ပြောပါတယ်။
ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့က လာမယ့်ရွေးကောက်ပွဲတွေမှာ မြို့နယ်တွေကို အခြေခံပြီး မဲဆန္ဒ နယ်သတ်မှတ်မယ့်အစား လူဦးရေကို အခြေခံပြီး မဲဆန္ဒနယ်သတ်မှတ်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အကြံပြုတင်ပြထားတယ်လို့ သိရပါတယ်။
မြို့နယ်အပေါ်အခြေခံပြီး မဲဆန္ဒနယ်သတ်မှတ်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်တာဖြစ်ပါတယ်။