ရိုဟင်ဂျာအလိုမရှိ ပြောဆိုမဲဆွယ်မှု အငြင်းပွားဖွယ်ဖြစ်လာ
2020.09.21
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်က တစ်သီးပုဂ္ဂလ အမတ်လောင်း ဦးကျော်စိုးထွဋ်ရဲ့ အငြင်းပွားဖွယ် မဲဆွယ်ဆိုင်းဘုတ်တစ်ခုဟာ ဥပဒေနဲ့ ငြိစွန်းမှု ရှိ၊ မရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားပါတယ်။ သူ့ရဲ့ မဲဆွယ်ဆိုင်းဘုတ်ပါ စာသားတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူ တချို့အကြား အမြင်မတူတာတွေလည်း ရှိနေပါတယ်။
လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်စိုးထွဋ်ရဲ့ “ရိုဟင်ဂျာ မရှိ No Rohingya” မူဝါဒချမှတ်ရေး မဲဆွယ်ဆိုင်းဘုတ်နဲ့ ပတ်သက်ပြီး တွေ့ဆုံညှိနှိုင်းမှု အဆင်မပြေတာကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားတယ်လို့ အနောက်ပိုင်းခရိုင် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောပါတယ်။
ရွေးကောက်ပွဲဥပဒေမှာ လူမျိုးရေး၊ ဘာသာရေးနဲ့ မဲမဆွယ်ရလို့ ပြဋ္ဌာန်းထားပြီး ဥပဒေအရ ငြိစွန်းနေလို့ ကိုယ်စားလှယ်လောင်း ဦးကျော်စိုးထွဋ်နဲ့ မြို့နယ် ကော်မရှင်အဖွဲ့ခွဲတို့ ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှုမရ ခဲ့တာကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဆက်လက်တင်ပြထားတယ်လို့ ဦးခင်မောင်ဝင်းက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ကလည်း ဒါဟာ ညှိစွန်းနေပါတယ်၊ ဆိုင်းဘုတ်ကို ဖြုတ်ပေးပါ၊ တကယ်လို့ တစ်ယောက် ယောက်က ကန့်ကွက်ရင် အမှုတွေ ရှုပ်ထွေးလာနိုင်တယ်၊ သူ့ကို ပြောခိုင်းတယ်။ ဒါပေမဲ့ သူက ဒီဟာကို သူ့ဟာသူ တာဝန်ယူပါတယ်။ ရှေ့နေရှေ့ရပ်နဲ့ သူလုပ်ထားတာဖြစ်ပြီး ငြိစွန်းမှု မရှိဘူးလို့ ပြောပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဘာသာရေး မပါပါဘူးတဲ့၊ လူမျိုးရေးကလည်း မြန်မာနိုင်ငံမှာရှိတဲ့ ၁၃၅ မျိုးနဲ့ မဆိုင်ပါဘူးတဲ့။ နောက်ဆုံး ကျွန်တော်တို့ ဘယ်လိုမှ ဖြောင်းဖျလို့မရတဲ့အတွက် နောက်ဆုံးသူက UEC ကသာ အကယ်လို့ ဖြုတ်ချပါဆို ဖြုတ်ချပါမယ်တဲ့။ ကျွန်တော်တို့လည်း အဲဒါကို ဆက်ပြီး တင်ထားတယ်ခင်ဗျ။ UEC ရဲ့ အဆုံးအဖြတ်ပဲ ဖြစ်ပါလိမ့်မယ်”
“ရိုဟင်ဂျာ မရှိ No Rohingya” မူဝါဒချက်မှတ်ရေး မဲဆွဲဆိုင်းဘုတ်တွေကို တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်စိုးထွဋ်က သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ လသာမြို့နယ်မှာ စိုက်ထူထားတာဖြစ်ပါတယ်။ ဒီမဲဆွဲဆိုင်းဘုတ်နဲ့ပတ်သက်ပြီး ကိုယ်စားလှယ်လောင်း ဦးကျော်စိုးထွဋ်ကို တုံ့ပြန်ချက် တစ်စုံတစ်ရာပေးနိုင်ဖို့ RFA ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။
ဒီဆိုင်းဘုတ်ပါ စာသားတွေကို တရားလွှတ်တော်ရှေ့နေတစ်ဦး ငှားရမ်းပြီး စာသားအားလုံး တရားဝင်ကြောင်း၊ ရွေးကောက်ပွဲဥပဒေအပြင် တခြားဥပဒေတွေနဲ့လည်း ငြိစွန်းတာမရှိလို့ ထည့်သွင်းအသုံးပြုတာဖြစ်ပြီး တကယ်လည်း မငြိစွန်းဘူးဆိုတာ ယုံကြည်ကြောင်း တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်စိုးထွဋ်က ရန်ကုန်အခြေစိုက် ခေတ်သစ်သတင်းဌာနကို ပြောကြားထားပါတယ်။
ရိုဟင်ဂျာမရှိဆိုတာ သူတစ်ယောက်တည်း ပြောတာမဟုတ်ဘဲ၊ သမ္မတဟောင်း ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့လည်း ပြောခဲ့ကြောင်း၊ စာသား အစကနေ အဆုံးထိ ဘယ်ဘာသာမှ မပါကြောင်းနဲ့ သူရဲ့ဆန္ဒအရ ရွေးကောက်ပွဲ မဲဆွယ်တယ်ဆိုတာ ကိုယ့်နိုင်ငံရေးဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိတဲ့အတွက် လွတ်လွတ်လပ်လပ် ဆန္ဒဖော်ထုတ်တဲ့ သဘောပါပဲလို့ ဦးကျော်စိုးထွဋ်က ပြောပါတယ်။
ဦးကျော်စိုးထွဋ်က လသာမြို့နယ် လမ်း ၂ဝ မှာ နေထိုင်ပြီး သူ့ရဲ့ ရွေးကောက်ပွဲသင်္ကေတ အမှတ်အသားက ညောင်ရွက် ၃ ရွက် ဖြစ်ပါတယ်။
နိုင်ငံရေးပြဿနာရဲ့ အဓိကအဖြစ် No Rohimgya ရိုဟင်ဂျာ မရှိလို့ မိမိဆန္ဒအရ သတ်မှတ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ အနောက်ဘက် နိုင်ငံရေးပြဿနာကို ပူးပေါင်းဖြေရှင်းသွားမှာဖြစ်ကြောင်း၊ မသက်ဆိုင်တဲ့ နိုင်ငံတကာတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝင်ရောက်စွက်ဖက် ဖိအားပေးတာကို လုံးဝဆန့်ကျင်ကြောင်းနဲ့ အမျိုးသား လုံခြုံရေး မျက်နှာစာကိုကြည့်ပြီး မထိခိုက်အောင် ဖြေရှင်းမယ်လို့ မဲဆွယ်ဆိုင်းဘုတ်မှာ ရေးသားထားပါတယ်။
ဦးကျော်စိုးထွဋ် မဲဆွယ်ဆိုင်းဘုတ်နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဥပဒေနဲ့ ငြိစွန်းမှုရှိ၊ မရှိ၊ ရိုဟင်ဂျာ ရှိ၊ မရှိ ဆိုတွေနဲ့ပတ်သက်ပြီး အမြင်ကွဲလွဲမှုတွေလည်း ရှိနေပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအောင်နိုင်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်မျိုးညွန့်က ကိုယ်စားလှယ်လောင်းတစ်ဦးက ရိုဟင်ဂျာ အမည်ကို သုံးလိုက်တာဟာ နိုင်ငံရေးအရ အငြင်းပွားနိုင်တဲ့ ကိစ္စတစ်ခုကို ရွေးကောက်ပွဲ မဲဆွယ်ရေး နည်းလမ်းအဖြစ် လုပ်တာဟာ မသင့်တော်ဘူးလို့ သုံးသပ်ပေမယ့် ရိုဟင်ဂျာဟာ လူမျိုးတစ်ခု မဟုတ်ဘူးလို့ သတ်မှတ်ထားတာ မရှိတာကြောင့် ရွေးကောက်ပွဲဥပဒေနဲ့ ငြိစွန်းတာမရှိဘူးလို့ မြင်ကြောင်း ပြောပါတယ်။
“ကိုယ်စားလှယ်လောင်းတစ်ဦးက ဒီနာမည်ကို သုံးလိုက်ခြင်းအားဖြင့် နိုင်ငံရေးအရ အငြင်းပွားနိုင်တဲ့ ကိစ္စတစ်ခုကို ကိုယ့်ရဲ့ရွေးကောက်ပွဲ နည်းလမ်းတစ်ခုအဖြစ် ဆောင်ရွက်တဲ့အခါကျတော့ ကျွန်တော်တို့ ကတော့ မသင့်တော်ဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အငြင်းပွားမှုဖြစ်စေနိုင်လို့ပါ။ သို့သော် ရိုဟင်ဂျာဟာ လူမျိုးတစ်ခု မဟုတ်ဘူးလို့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့အခါမှကျတော့ ရွေးကောက်ပွဲ ဥပဒေမှာပါတဲ့ လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြုပြီးတော့ ဆန့်ကျင်ပြီးတော့ မဲဆွယ်စည်းရုံးခြင်း မပြုရဘူး ဆိုတဲ့ဟာနဲ့တော့ ငြိစွန်းမှုမရှိဘူးလို့ မြင်ပါတယ်”
မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား ၁၃၅ မျိုးမှာ ရိုဟင်ဂျာဆိုတဲ့ အမည်မပါဝင်ဘဲ အဖွဲ့အစည်းတချို့ကသာ ရိုဟင်ဂျာလို့ သတ်မှတ်ခေါ်ဆိုကြောင်း ပါတီရဲ့ သဘောထားကို ဒေါက်မျိုးညွန့်က ရှင်းပြပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကတော့ ဒါဟာဥပဒေနဲ့ငြိ မငြိဟာ ကော်မရှင်က ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ အမြင်တော့ ပြောဖို့မလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါကော်မရှင်က ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်နေလို့လေ။ ရိုဟင်ဂျာမရှိဘူး ဆိုတာတော့ အမှန်ပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ ဘာသာရေး၊ လူမျိုးရေးနဲ့ ပတ်သက်ပြီး မဲဆွယ်သင့်၊ မသင့်က ကော်မရှင်က ဘယ်လိုသဘောထား မသိဘူးပေါ့လေ။ ပြီးတော့ ရိုဟင်ဂျာလို့ သုံးတာကလည်း ဒါကလူမျိုးပေါ့၊ ရိုဟင်ဂျာဆိုတာ လူမျိုးဖြစ်တယ်။ ဒီလူမျိုးတွေ မြန်မာနိုင်ငံမှာ မရှိဘူးလို့ ပြောတာဖြစ်တယ်။ အဲဒါ ဥပဒေနဲ့ ငြိ၊ မငြိတော့ ကော်မရှင်က ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်တယ်၊ ဘာသာရေးလို့တော့ ကျွန်တော် မမြင်ဘူး”
ရန်ကုန်မြို့က အထင်ကရ မွတ်စလင်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟာဂျီဦးအေးလွင်က ရိုဟင်ဂျာ မရှိ၊ မြန်မာနိုင်ငံက လူမျိုး ၁၃၅ မျိုးထဲ မပါဘူးဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲဝင်ခြင်းဟာ လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြုပြီး အမုန်းတရား ဖန်တီးကိစ္စရပ်ဖြစ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေတွေနဲ့ ဆန့်ကျင်နေတယ်လို့ ပြောပါတယ်။
“မြန်မာပြည်မှာ လူမျိုး ၁၃၅ မျိုးပဲ ရှိတယ်ဆိုတာဟာ ဘယ်လိုမှ အထောက်အထားလဲ မရှိဘူး။ ဘယ်သူမှ လည်း တရားဝင်ပြောဆိုထားတာ မရှိဘူး။ အဲဒီတော့ ၁၃၅ ဆိုတာ စစ်အစိုးရလက်က ပြောထားတဲ့ ကိစ္စရပ်ပဲဖြစ်ပါတယ်။ အဲဒါ့ကြောင့် ၁၃၅ မျိုးထဲမှာ မပါဘူး ဆိုပြီးတော့ ဒါကို ရွေးကောက်ပွဲ ကြွေးကြော်သံ အဖြစ်နဲ့ ဝင်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရရော၊ ရွေးကောက်ပွဲဥပဒေ အရရော၊ လူမျိုးရေး ဘာသာ ရေးကို အကြောင်းပြုပြီး အမုန်းတရားကို ဖန်တီးတဲ့ကိစ္စရပ်ဖြစ်တဲအတွက် ဥပဒေနဲ့ လုံးဝဆန့်ကျင်တယ် ထင်ပါတယ်”
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ (ဂ)မှာ လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ အကြောင်းပြ ဆန္ဒမဲပေးရန်၊ ဆန္ဒမဲမပေးဖို့ ပြောဆိုတာ၊ ဟောပြောတာ၊ ကြေညာချက်ထုတ်ပြန်တာ ဒါမှမဟုတ် အဲဒီလို ပြုလုပ်ဖို့ အားပေးလှုံ့ဆော်တာတို့ကို ကျူးလွန်ကြောင်း ဒါမှမဟုတ် ကျူးလွန်ရန် အားပေးကူညီကြောင်း ပြစ်မှုထင်ရှားစီရင် တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုတဲ့ ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဒီကိစ္စဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လို့ ဆိုနိုင်ပေမယ့် ရွေးကောက်ပွဲကာလမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်နိုင်လို့ စောင့်ကြည့်နေရချိန်မှာ ကိုယ်စားလှယ်လောင်းဆိုတဲ့ စည်းရုံးခွင့်ကို အသုံးချပြီး မလုပ်သင့်ဘူးလို့ ညီမျှခြင်းမြန်မာရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။
“သူ့ရဲ့ အယူအဆကို သူတင်ပြထားတယ်၊ ဒါက နိုင်ငံတော်အကြီးအကဲတွေ ပြောတာနဲ့လည်း တူညီတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ ဒီဟာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လို့ ပြောပေမယ့် သူက လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက် ဖြစ်ပါတယ်။ နောက်တစ်ခုက သူ့ရဲ့ မဲဆွယ်တဲ့ ဘေလ်ဘုတ်တွေက လူအများမြင်နိုင်တဲ့ နေရာမျိုးဖြစ်တယ်။ ဒီအချိန်ကလည်း လူမျိုးရေး၊ ဘာသာရေးတွေဖြစ်နိုင်လို့ ကျွန်တော်တို့က စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေရတဲ့ ကာလမျိုးမှာ ကိုယ်စားလှယ်လောင်းဆိုတဲ့ စည်းရုံးခွင့်ကို အသုံးချပြီး မလုပ်သင့်တာကတော့ အမှန်ပါပဲ”
လက်ရှိအချိန်မှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကုလသမဂ္ဂကလည်း သုံးစွဲပြီးတော့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ရှိနေတယ်။ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်ရှိနေတဲ့ ကာလ အတွင်းမှာ အခုလို ထုတ်ဖော်ပြောဆိုရေးသားခြင်းက မြန်မာနိုင်ငံမှာ လူမျိုးရေး အမုန်းတရား ရှိနေတယ်ဆိုတာ ထောက်ပြစရာတော့ ဖြစ်သွားတယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။
လသာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ NLD၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီနဲ့ ကြံ့ခိုင်ရေးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားပြု အမတ်လောင်းတွေလည်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။