ကာဘိုးရွာ လူသေမှု စွပ်စွဲချက်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကန့်ကွက်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး USDP ပါတီကို လူသတ်ပါတီ လို့ ပြောဆိုနေတဲ့အပေါ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်ရှုံ့ချသလို တရားစွဲတာတွေ လုပ်သွားမယ်လို့ ပါတီ ခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး USDP ပါတီ ၂၀၂၀ အောက်တိုဘာ ၂၇ ရက်နေ့က မုံရွာမြို့မှာ သတင်းစာရှင်းလင်းခဲ့စဉ် Photo: Union Solidarity and Development Party - Sagaing Region

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး USDP ပါတီကို လူသတ်ပါတီလို့ ပြောဆိုနေတဲ့အပေါ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်ရှုံ့ချသလို တရားစွဲတာတွေ လုပ်သွား မယ်လို့ ပါတီခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့က ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ဝန်းရံသူတွေ ရိုက်နှက်မှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဝန်းရံထောက်ခံသူ သေဆုံး ခဲ့တာနဲ့ ပတ်သက်ပြီး USDP ပါတီက စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ကာဘိုးကျေးရွာဖြစ်စဉ်မှာ USDP ပါတီဝန်းရံသူ တွေကိုင်ဆောင်ထားတဲ့ တုတ်တွေဟာ အသင့်ယူဆောင်လာတာ မဟုတ်ဘဲ အလံတပ်တဲ့တုတ်တွေဖြစ်တယ်လို့ စစ်ကိုင်းတိုင်း USDP ဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်းက ပြောပါတယ်။

“ဗီဒီယိုဖိုင်တွေလည်း ကျနော်တို့ သက်ဆိုင်ရာ တက်လာတဲ့ မီဒီယာသမားတွေ ရှင်းပြီးပါပြီ မပါပါဘူး မိုးရွာတဲ့ အချိန်ကျတော့ အလံတွေကအကုန်လုံး ရေစိုသွားပြီးတော့ ဟိုဟာဖြစ်သွားပြီးတော့ ရည်ရွယ်ချက်လည်း မရှိပါဘူး”

ရွေးကောက်ပွဲတွေ လွတ်လပ်မျှတမှု ရှိ၊ မရှိ မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့က ဦးအေးကျော်ကတော့ စစ်ကိုင်းတိုင်း USDP ဥက္ကဋ္ဌရဲ့ ပြောကြားချက်ဟာ အရပ်ထဲမှာပြောသလို ဖြစ်နေတယ်လို့ ပြောပါတယ်။

"ဒီလိုမျိုးဖြစ်လာရင်တော့လေ ဒါကသာမန်အမှုအခင်းတွေမှာလည်း အဲလိုမျိုးပြောနေကြတာမျိုးပါပဲပေါ့နော်၊ ကျနော်တို့ဆီမှာက ဥပဒေအရလည်း လက်နက်ကိုင်ဆောင်တယ် ဆိုတဲ့ဟာက တားမြစ်ထားတာတွေ ရှိတာ ပေါ့နော်၊ သာမန်အရပ်သူ၊ အရပ်သားတွေလည်း ဒီလိုမျိုးဖြစ်လာရင် ဒီလိုမျိုးတော့ ပြောဆိုသုံးစွဲကြတာမျိုး တွေတော့ ရှိတာပေါ့၊ ဒါကသာမန်အရပ်သူ၊ အရပ်သားတွေဖြစ်တဲ့ကိစ္စတော့ မဟုတ်ဘူး သာမန်အရပ်ထဲမှာ ပြောသလိုမျိုးတော့ မပြောသင့်ဘူးလို့ ထင်တယ်ဗျ"

ကာဘိုးကျေးရွာ အုပ်ချုပ်ရေးမှူးကတော့ USDP ရဲ့ မဲဆွယ်စည်းရုံးရေးမှာ ပါဝင်လာသူတွေ ရိုက်နှက်သွားတာဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်ပြီး ကားပေါ်မှာ တုတ်တွေ၊ ဓားတွေ တင်ဆောင်လာတာဟာ ကြိုတင်ကြံစည် မှုဖြစ်တယ်လို့ အောက်တိုဘာ ၂၆ ရက်နေ့က RFA ကို ပြောထားပါတယ်။

ရိုက်နှက်မှုတွေဖြစ်တာဟာ တစ်ဖက်တည်းက လုပ်ဆောင်တာမဟုတ်ပဲ NLD ဝန်းရံသူတွေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မဲဆွယ်စည်းရုံးရေး ယာဉ်တန်းမှာ ပါဝင်တဲ့ ဝန်းရံသူ မိန်းကလေးတွေကို နှောင့်ယှက်တာကြောင့်လို့ စစ်ကိုင်းတိုင်း USDP သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဒေါ်ကြူမိုးသန့်က ဒီနေ့ (အောက်တိုဘာ ၂၇ ရက်နေ့) သတင်းစာ ရှင်းလင်းပွဲအပြီးမှာ RFA ကို ပြောပါတယ်။

"၂၂ ရက်ဖြစ်တဲ့ ကျမတို့ ဝန်းရံသူတွေသွားတဲ့ ခရီးစဉ်လမ်းကြောင်းပေါ့နော်၊ အဲလမ်းကြောင်းမှာ တစ်ဘက် NLD အင်္ကျီဝတ်ဆင်ထားတဲ့သူတွေ နှောင့်ယှက်တာတွေ ဟန့်တားတာတွေ စတင်ပြီးတော့ပေါ့နော်၊ ကာဘိုး ရွာအဝင်မှာ စောင့်ပြီးတော့မှ လူအင်အား ၁၅၀ လောက်နဲ့ နှောင့်ယှက်တာတွေ မခံချင်အောင် ဖြစ်အောင်လို့ သည်းမခံနိုင်အောင်လို့ မျိုးစုံဆဲရေးတိုင်းထွာတာတွေပေါ့နော်၊ ကိုယ်ထိလက်ရောက်ထိ ဝန်းရံသူတွေ ဆိုင်ကယ် စီးလာတဲ့ အမျိုးသမီး နှစ်ဦးကို ဆံပင်ဆွဲတာတို့ အလဲနဲ့ရိုက်တာတွေ အဲလိုမျိုး ကိုယ်ထိလက်ရောက် ဖြစ်ပွား တဲ့ဖြစ်စဉ်တွေကို သိရှိအောင်လို့ ရှင်းပြရခြင်း ဖြစ်ပါတယ်"

NLD ဝန်းရံသူတွေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မဲဆွယ်စည်းရုံးရေး ယာဉ်တန်းမှာ ပါဝင်တဲ့ ဝန်းရံသူ မိန်းကလေးတွေကို နှောင့်ယှက်တာကြောင့် ပဋိပက္ခဖြစ်တယ်လို့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာ အောင်ရှင်ကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကာဘိုးဒေသခံတစ်ဦးကတော့ USDP ပါတီက စွပ်စွဲသလို ကာဘိုးကျေးရွာကိုလာပြီး မဲဆွယ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို နှောင့်ယှက်တာ မရှိခဲ့ဘူးလို့ အောက်တိုဘာ ၂၆ ရက်နေ့က RFA ကို ပြောထားပါတယ်။

ကာဘိုးကျေးရွာမှာ ရိုက်နှက်သွားတဲ့သူတွေထဲမှာ ပါတီဝင်တွေပါဝင်မှု ရှိ၊ မရှိကို တိတိကျကျ ပြောလို့မရဘူးလို့ တိုင်းဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက ပြောပါတယ်။ မဲဆွယ်စည်းရုံးရေးတွေမှာ ပါတီဝင်တွေ မပါဝင်ဖို့ တိုင်းပါတီက ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

"ပါတီဝင်ဆိုလား ဘာညာဆိုလား ကျနော်တို့ကတော့ ရွာတွေအထိ ဘယ်ဟိုဟာဖြစ်နိုင်မလဲ၊ ပြည်ခိုင်ဖြိုး အင်္ကျီဝတ်ဆင်ထားတဲ့ ဝန်းရံအင်အားလို့ပဲပြောရမှာပေါ့၊ ပါတီဝင်ဆိုတာကတော့ ကိုယ့်ဆီလည်း မဟုတ်တော့ ကျနော်တို့က ပြောလို့တော့ မရဘူးပေါ့၊ ကျနော်တို့ကတော့ ပါတီဝင်တွေမပါဖို့ မြို့နယ် EC တွေ ရပ်ကျေး တွေက ကျနော်တို့ စည်းရုံးရေးအင်အား ပြတဲ့အချိန်မှာမပါဖို့ ကျနော်တို့ လမ်းညွှန်ထားတာ အဓိကကတော့ ဒါပြောမယ်ဆိုရင်တော့ ဝန်းရံအဖွဲ့တွေပေါ့"

ပါတီတွေ အနေနဲ့ ပြဿနာဖြစ်လာပြီဆိုရင် ဝန်းရံသူဆိုတဲ့ စကားလုံးကို သုံးနှုန်းတဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချတယ်လို့ ဦးအေးကျော်က ပြောပါတယ်။

"ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ ခေတ်စားလာတဲ့ စကားလုံးပေါ့နော်၊ ဝန်းရံသူဆိုတဲ့စကားလုံးပေါ့ ဘယ်ပါတီကပဲ ဖြစ်ဖြစ် သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ ငြိစွန်းသွားလို့ ကျူးလွန်တာမျိုး ဖြစ်လာလို့ရှိရင် အဲဒါ ကျနော်တို့ ပါတီဝင်တွေ မဟုတ်ဘူး ပါတီကို ဝန်းရံသူတွေ ဖြစ်တယ်ဆိုပြီးတော့ ခေါင်းစဉ်တပ်လိုက်တာမျိုးပေါ့နော် အဲဒါမျိုးကိုလည်း ကျနော်ကတော့ ဆန့်ကျင်တယ်ဗျ။ ပါတီမှာ တာဝန်ရှိတဲ့သူတွေကလည်း ဘယ်သူမဆို အဲဒါမျိုးတော့ မပြောသင့်ဘူးပေါ့ ပြောတာတွေကိုလည်း ကျနော် ပြတ်ပြတ်သားသားရှုံ့ချတယ်လို့ ပြောချင်တယ်"

ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ကာဘိုးကျေးရွာဖြစ်စဉ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ အောင်နိုင်ရေး မဲဆွယ် စည်းရုံးရေးလမ်းကြောင်းတွေမှာ နှောင့်ယှက်ခံရတဲ့ အခြေအနေတွေကို ရှင်းလင်းခဲ့တာဖြစ်ပြီး USDP ပါတီကို စွပ်စွဲနေကြသလို ကြိုတင်ကြံစည်မှု မဟုတ်ဘူးလို့ ပြောပါတယ်။

ရိုက်နှက်ခံလိုက်ရတဲ့ဖြစ်စဉ်အတွက် အမှုမှန်ပေါ်ပေါက်ရေးကိုလည်း တိုင်းပြည်ခိုင်ဖြိုးပါတီအနေနဲ့ ကူညီ ဆောင်ရွက်သွားမှာဖြစ်ပြီး သေဆုံးသွားတဲ့အပေါ်မှာလည်း စိတ်မကောင်းဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာမှာ NLD ပါတီ ထောက်ခံ သူတွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူတွေ အကြားဖြစ်ပွားတဲ့ ပဋိပက္ခမှာ NLD ဝန်းရံသူ ကိုမျိုးဝင်းစိုး ရိုက်နှက်ခံရပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းအောင်က ကာဘိုးရွာအမှုနဲ့ ပတ်သက်လို့ ထိန်းသိမ်းစစ်ဆေးခံနေရသူ ၁၀ ယောက်ရှိတယ်လို့ ပြောပါတယ်။

“ရဲတပ်ဖွဲ့နဲ့ ထွေအုပ် ပူးပေါင်းပြီး ဖော်ထုတ်နေတယ်။ ထိန်းသိမ်းစစ်ဆေးခံနေရတာ ၁၀ ယောက်ရှိပြီ၊ နောက်ထပ်လည်း ရှိလာဦးမှာပါ။ ဒီမှာပါဝင်ပတ်သက်သူတွေ၊ အိမ်ဖျက်ဆီးတာတို့၊ ဆိုင်ကယ်ဖျက်ဆီးတာတို့၊ ကိုဗစ်ဂိတ်ကို ဖျက်ဆီးတာတို့၊ လူသေတဲ့အထိ ရိုက်နှက်တာတို့ အဲဒါတွေနဲ့ ပတ်သက်သူတွေပေါ့၊ နောက်ပြီး တော့ လှုံ့ဆော်သူတွေကိုရော အရေးယူဆောင်ရွက်မှုတွေ တဆင့်ပြီးတဆင့် ရှိလာမှာပါ။ ဇီးကုန်းရဲစခန်းကနေ ဆောင်ရွက်နေတာပါ။ သူ့အထက်ကတော့ မြို့နယ်ရဲစခန်းနဲ့ ခရိုင်ရဲမှူးကြီးက ကိုင်တွယ်ဆောင်ရွက်နေတယ် လို့ ပြောပါတယ်။ အခုထိန်းသိမ်းခံထားရသူတွေဟာ ကာဘိုးရွာက ဒေသခံတွေမဟုတ်ဘူး။ တခြားရွာတွေ ကပါ”

ကန့်ဘလူခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ဆန်းမြင့်ကတော့ အမှုမှန် ပေါ်ပေါက်အောင်  စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

“အမှုက ဘာမှမထူးခြားသေးဘူး။ စုံစမ်းစစ်ဆေး မေးမြန်းတာ လုပ်နေတုန်းပဲ၊ ထိန်းသိမ်းခံနေရတဲ့လူ အရေအတွက်လည်း ပြောလို့မရသေးဘူး။ ကျနော်တို့က သူတို့ကို ခဏစစ်တာပါ။ ကျနော်တို့လည်း ဒီအမှုကို ပေါ်စေချင်ပါတယ်။ အဲဒါကြောင့် သူတို့ပြောတာတွေနဲ့ အပြင်မှာဖြစ်တာနဲ့လိုက်ပြီး ချိတ်ဆက်နေတာပေါ့။ ကျနော်တို့လည်း ကြိုးစားနေပါတယ်။ ကျနော်တို့ အထက်လူကြီးတွေကလည်း ဒီကိစ္စကို သိချင်နေတာ။ ကျနော်တို့ကလည်း မိပါပြီဆိုပြီး အားရဝမ်းသာနဲ့ လူကြီးတွေကို ပြောချင်ပါတယ်”

တိုင်းအစိုးရအဖွဲ့က ကာဘိုးကိစ္စကို စုံစမ်းစစ်ဆေးဖို့အတွက် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး ဦးဆောင်ပြီး စုံစမ်းတဲ့အဖွဲ့ ဖွဲ့စည်းထားတယ်၊ စစ်ဆေးဆဲကာလဖြစ်ကြောင်း စုံစမ်းရေးအဖွဲ့ဝင်ဖြစ်တဲ့ တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောပါတယ်။  

လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက စုံစမ်းစစ်ဆေးတာ ဘာမှမလုပ်နိုင်သေးကြောင်း၊ ခရီးထွက်နေရတဲ့ အတွက် စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌ တာဝန်ပေးအပ်တဲ့စာ လက်ထဲမရောက်သေးကြောင်း RFA ကို မနေ့က ပြောထားပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org