မီတာခပိုကောက်မှု ဆန္ဒပြပွဲ ခေါင်းဆောင် ၄ ဦး တရားစွဲခံရ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ် သရက်တောကျေးရွာအုပ်စုက လျှပ်စစ်မီတာခ ပိုကောက်ခံ တဲ့အတွက် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့သူတွေထဲက ဦးဆောင်သူ ၄ ဦးကို တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ပခုက္ကူမြို့နယ်တရားရုံးမှာ တရားစွဲလိုက်ပါတယ်။

မီတာခတိုးမြှင့်သတ်မှတ်လိုက်တာကို ကန့်ကွက်တဲ့ပြည်သူများ က နိုဝင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့ မြေနီကုန်းကနေ အလုံမြို့နယ် လျှပ်စစ်ဝန်ကြီးဌာနရုံးအထိ ဖယောင်းတိုင် ထွန်းပြီး လမ်းလျှောက်ဆန္ဒပြခဲ့စဉ် photo: RFA/ Kyaw Zaw Win

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ် သရက်တောကျေးရွာ အုပ်စုက လျှပ်စစ်မီတာခ ပိုကောက်ခံတဲ့အတွက် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က ကန့်ကွက် ဆန္ဒပြခဲ့သူတွေထဲက ဦးဆောင်သူ ၄ ဦးကို တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ပခုက္ကူမြို့နယ်တရားရုံးမှာ တရားစွဲလိုက်ပါတယ်။

ဆန္ဒပြဖို့ခွင့်ပြုမိန့် အကြိမ်ကြိမ်တောင်းခံပေမဲ့ မပေးခဲ့တာကြောင့် သူတို့အနေနဲ့ တရားမဝင် ဆန္ဒပြတာဖြစ်ကြောင်း တရားစွဲခံရသူ သရက်တောကျေးရွာသား ဦးညွန့်အောင် က ပြောပါတယ်။

"လျှပ်စစ်ကွားခြားယူနစ်တွေ မတောင်းဖို့ဆိုပြီးတော့ ကျနော်တို့က အာဏာပိုင်တွေကို အစောကတည်းက စာတွေနဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်ကိုတင်တယ်၊ ခွင့်ပြုမိန့်မပေးဘဲနဲ့ သူတို့က ငြင်းပယ်ပြီးတော့ ပုဒ်မ ၁၈ နဲ့ ကျနော်တို့ကို တရားစွဲတာပါ၊ ဒီလူတွေက ဥပဒေတွေနဲ့ တပြေးညီ လိုက်နာဆောင်ရွက်ပါတယ်၊ ဆန္ဒပြခွင့်ကိုလည်း ၁၄ ရက် ၂ လပိုင်းက တင်ပါတယ်၊ တင်တဲ့အချိန်မှာ ကျနော်တို့ကို ငြင်းပယ်လိုက်ပါတယ်၊ ကျနော်တို့ကို ပုဒ်မ ၁၈ နဲ့ တရားရုံးကို ခေါ်ပါတယ်၊ အခုကျနော်တို့ အာမခံနဲ့ ပြန်ထွက်လာတာပါ"

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကလည်း အဲဒီနေ့က ဆန္ဒပြသူတွေထဲက ၂ ဦးကို မြစ်ခြေတိုက်နယ် ရဲအုပ်က တရားစွဲခဲ့ပြီး  နောက်ထပ်ဦးဆောင်သူ ၄ ဦးကို ဒီနေ့ ထပ်မံတရားစွဲလိုက်တာဖြစ်ပါတယ်။

ပခုက္ကူမြို့နယ် သရက်တောကျေးရွာအုပ်စု လျှပ်တရာ၊ အိုးဘို၊ သဇင်၊ သပြေစုစတဲ့ ကျေးရွာ ၁၂ ရွာမှာ မီတာခတွေ ကောက်ခံတဲ့အခါ ယူနစ် ၁၀၀ မှာ ယူနစ် ၄၀ ဝန်းကျင်လောက်ကို ကွာခြားယူနစ်ဆိုပြီး ထည့်သွင်းကောက်ခံတာကို ဒေသခံတွေက ၂ ကြိမ် ဆန္ဒပြကန့်ကွက်ခဲ့ကြတာပါ။

သရက်တောကျေးရွာအုပ်စုမှာ အဲဒီလို အပိုယူနစ်ကြေးဆိုပြီး မီတာပြေစာမှာပါရှိပေမယ့် အနီးအနားက မြစ်ခြေကျေးရွာအုပ်စုမှာတော့ မပါရှိဘူးလို့  ကျေးရွာသားတွေက ပြောပါတယ်။

တရားစွဲခံရတဲ့ ရွာသား ၆ဦးကို လာမယ့် မတ်လ ၁၈ ရက်နေ့မှာ ပခုက္ကူမြို့နယ် တရားရုံးမှာ အမှုစစ်ဆေးမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org