သတင်းထောက် ၃ ဦး အရေးယူခဲ့မှု နိုင်ငံ့အတွက် ထိခိုက်နစ်နာဟု ပြန်ကြားရေး ဒုဝန်ကြီး ပြောကြား

Eleven Media က အယ်ဒီတာတွေနဲ့ သတင်းထောက်ချုပ်ကို ရန်ကုန်တိုင်းအစိုးရက ၅ဝ၅ (ခ) နဲ့အမှုဖွင့် အရေးယူခဲ့တာဟာ လက်ရှိအစိုးရအတွက်သာမက နိုင်ငံအတွက်ပါ အများကြီး ထိခိုက်နစ်နာမှုဖြစ်စေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားလိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

Eleven Media က အယ်ဒီတာတွေနဲ့ သတင်းထောက်ချုပ်ကို ရန်ကုန်တိုင်းအစိုးရက ၅ဝ၅ (ခ) နဲ့အမှုဖွင့် အရေးယူခဲ့တာဟာ လက်ရှိအစိုးရအတွက်သာမက နိုင်ငံအတွက်ပါ အများကြီး ထိခိုက်နစ်နာမှုဖြစ်စေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားလိုက်ပါတယ်။

နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ RFA သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံမေးမြန်းချက်မှာ အခုလို ဖြေကြားလိုက်တာဖြစ်ပြီး သတင်းမီဒီယာတွေကို အမှုဖွင့်အရေးယူမယ်ဆိုရင် သတင်းမီဒီယာ ဥပဒေနဲ့သာ အရေးယူဆောင်ရွက်စေချင်တယ်လို့လည်း သတင်းထောက်တစ်ဦးအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့တဲ့ ဦးအောင်လှထွန်းက ပြောပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ သတင်းစာလွတ်လပ်ခွင့် ကျဆင်းနေတယ်လို့ ဝေဖန်ထောက်ပြမှုတွေနဲ့ ပတ်သက်ပြီး ဒါဟာ ပြောကြားတဲ့ အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေရဲ့ စံနှုန်း၊ တိုင်းတာတဲ့ ပေတံတွေအပေါ်မှာ တည်တယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။

ရိုက်တာသတင်းထောက် ၂ ဦးအမှုနဲ့ပတ်သက်ပြီး အစိုးရရဲ့သဘောထားကို မေးမြန်းရာမှာ ဒီအမှုမှာ အယူခံဝင်ခွင့် ကျန်နေသေးတဲ့အတွက် မျှော်လင့်ချက်ရှိနေဆဲလို့ ဖြေပါတယ်။ သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သလားလို့ မေးရာမှာတော့ ဒီအမှုနဲ့ ပတ်သက်လို့ နိုင်ငံတကာဖိအား အများအပြားရှိကြောင်း၊ ဒီဖိအားတွေကြောင့် တန်ပြန် ဆိုးကျိုးတွေရှိနေတယ်လို့ ယူဆကြောင်း၊ နိုင်ငံတကာ ဖိအားပေးလို့ သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးရတယ် ဆိုတဲ့ အခြေအနေမျိုး ဘယ်အချုပ်အချာအာဏာပိုင် နိုင်ငံကမှ မလိုလားကြောင်းလည်း သူက ပြောပါတယ်။

လက်ရှိအစိုးရလက်ထက် သတင်းရယူခွင့် ပိုခက်ခဲလာတယ်လို့ ပြောဆိုသုံးသပ်မှုတွေနဲ့ပတ်သက်လို့ သတင်းအချက်အလက်ထုတ်ပြန်မှုနဲ့ သတင်းမီဒီယာဖြေကြားမှုတွေအပေါ် စနစ်တရပ် ပေါ်ပေါက်အောင် လုပ်ဆောင်နေပါတယ်လို့လည်း ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဖြေကြားခဲ့ပါတယ်။

ပြန်ကြားရေးဒုဝန်ကြီး ဦးအောင်လှထွန်းနဲ့ RFA တွေ့ဆုံမေးမြန်းခဲ့တာတွေထဲက ကောက်နှုတ်ချက်ကို သတင်းတွေအပြီးမှာ ထုတ်လွှင့်ပေးမှာဖြစ်ပြီး အပြည့်အစုံကို RFA Burmese Facebook နဲ့ YouTube Channel တွေမှာ ထုတ်လွှင့်ပေးဖို့ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org