ကောလင်းမှာ နှစ်ရက်အတွင်း လူ ၁၁ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့ အထိ အချိန်သုံးရက်အတွင်း PDF အဖွဲ့နဲ့ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဖုန်းဆိုင်ပိုင်ရှင်တွေနဲ့ မိသားစုဝင်တွေ အများဆုံးဖြစ်တယ်လို့လည်း ကောလင်းဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“အခုဖမ်းခံရတာက ဖုန်းဆိုင်ပိုင်ရှင်တွေဗျ။ ကျွန်တော်တို့မှာ ယူရိုဖုန်းဆိုင် အကြီးတွေ ပေါ့ဗျ။ ဧဒင်ဖုန်းဆိုင် ပြီးတော့ ပါဝါဖုန်းဆိုင်၊ ဖုန်းဆိုင် သုံးဆိုင်က မိသားစုဝင်တွေ အဖမ်းခံရတယ်။ ဧဒင်ဖုန်းဆိုင်ကဆိုရင် ပိုင်ရှင်ရယ်၊ မိန်းမရယ်၊ သမီးရယ် အဖမ်းခံရ တယ်။ ယူရိုဖုန်းဆိုင်ကဆိုရင် ပိုင်ရှင်ရယ်၊ သမက်ရယ် နှစ်ယောက် အဖမ်းခံရတယ်။ ပါဝါဖုန်းဆိုင်က ဆိုင်ရှင်ဖမ်းခံရတယ်။ မနေ့ညကလည်း စက်ရုံနယ်မြေရပ်ကွက်က လူငယ်တစ်ယောက်ကိုလည်း ဖမ်းသွားတာ။ သူတို့က PDF ကို ထောက်ပံ့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ဖမ်းတာ”
ဖမ်းဆီးခံရသူ ၁၁ ဦးထဲမှာ ဖုန်းဆိုင်နဲ့ ပတ်သက်သူတွေအပြင် အခြားရပ်ကွက်မှာနေထိုင်တဲ့ ပြည်သူတွေလည်း ပါဝင်ပြီး ဒီနေ့အထိ ပြန်လွတ်မလာသေးဘူးလို့ ဆိုပါတယ်။
ကောလင်းမြို့နယ်မှာ စစ်အဏာသိမ်းပြီးကတည်းက အခုအချိန်ထိ ဖမ်းဆီးခံရသူ ၁၀၀ နီးပါးရှိလာပြီလို့လည်း ပြည်သူတွေနဲ့ပတ်သက်တဲ့ သတင်းတွေကို စုစည်းဖော်ပြနေတဲ့ ကောလင်း ပြည်သူ့သတင်းပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲဒီအထဲက လူ ၂၀ လောက်သာ တော်လှန်ရေးနဲ့ ဆက်စပ်သူတွေဖြစ်ပြီး ကျန်တဲ့လူ တွေကတော့ သာမန်အရပ်သားတွေဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ကောလင်းမြို့မှာ လွန်ခဲ့တဲ့ ငါးလလောက်ကစပြီး ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရပြီး စစ်ကောင်စီတပ်နဲ့ PDF အဖွဲ့တွေ မကြာခဏတိုက်ပွဲတွေရှိနေပါတယ်။ ဖေဖော်ဝါရီလ ၈ ရက်နေ့က နှစ်ဖက်တိုက်ပွဲမှာတော့ PDF ဘက်က ခုနစ်ဦးကျဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။