အရေးပေါ်စီမံမှု အက်ဥပဒေကို မရုပ်သိမ်းသင့်သေး
နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှား သူတွေကို ဖမ်းဆီးအရေးယူခဲ့တဲ့ အရေးပေါ်စီမံမှုအက်ဥပဒေကို မရုပ်သိမ်းသင့်သေးကြောင်း တပ်မတော်သား ကိုယ်စားလှယ်၊ ကြံ့ခိုင်ဖံ့ွဖြိုးရေး ကိုယ်စားလှယ်တွေနဲ့ NLD ပါတီ ကိုယ်စားလှယ် ၁ ဦးတို့က ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။
-
2016-09-14 -
-
-
နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူခဲ့တဲ့ အရေးပေါ်စီမံမှုအက်ဥပဒေကို မရုပ်သိမ်း သင့်သေးကြောင်း တပ်မတော်သား ကိုယ်စားလှယ်၊ ကြံ့ခိုင်ဖံ့ွဖြိုးရေးကိုယ်စားလှယ်တွေနဲ့ NLD ပါတီ ကိုယ်စား လှယ် ၁ ဦးတို့က ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။
အဲ့ဒီဥပဒေကို မရုပ်သိမ်းသင့်ကြောင်း ဆွေးနွေးခဲ့တဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဒုဗိုလ်မှူး ကြီး ဇော်မိုးက ဒီဥပဒေဟာ နိုင်ငံတော် နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို အရေးပေါ်ကာကွယ်နိုင်တဲ့ ဥပဒေဖြစ် တာကြောင့် ရုပ်သိမ်းမယ်ဆိုရင် အန္တရာယ်ရှိနိုင်တယ်လို့ ပြောပါတယ်။
"အဓိကကတော့ ဒီဟာက နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့ဟာဖြစ်တယ်၊ ကျန်တဲ့ပုဒ်မတွေ မရှိဘူးလားဆိုတော့ ကျနော်ခုနကပြောသလိုရှိတယ်၊ ဒါပေမဲ့ သဘောသဘာဝမတူဘူး၊ ဒီဟာက အရေးပေါ်ချက်ချင်း ဆောင်ရွက်လို့ရတဲ့ဟာဖြစ်ပါတယ်၊ ဒါကြောင့် ဒီဥစ္စာရုပ်သိမ်းသွားရင်တော့ အန္တရာယ်ရှိမယ် ထင်ပါတယ်"
အရေးပေါ်စီမံမှုအက်ဥပဒေကို ၁၉၅၀ ပြည့်နှစ်က ပြဌာန်းခဲ့ပြီး ပြီးခဲ့တဲ့ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ဖျက်သိမ်းဖို့ ပြင်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင် ခဲ့တဲ့ ဥပဒေတစ်ခုဖြစ်ပါတယ်။
အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အတည်ပြု ပြီးနောက် အမျိုးသားလွှတ်တော်မှာ ဒီနေ့ ကိုယ်စားလှယ် ၈ ဦးက ဆွေးနွေးခဲ့ကြပါတယ်။
NLD ကိုယ်စားလှယ် ၃ ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၂ ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ၂ ဦးနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် ၁ ဦးတို့ ပါဝင်ဆွေးနွေးရာမှာ NLD ကိုယ်စားလှယ် ၁ ဦး အပါအဝင် ကိုယ်စားလှယ် ၆ ဦးက ဒီဥပဒေကို မရုပ်သိမ်းသင့်သေးကြောင်း လွှတ်တော်မှာ ဆွေးနွေးခဲ့ ကြတာဖြစ်ပါတယ်။
ဒီဥပဒေကို ရုပ်သိမ်းရေးနဲ့ပတ်သက်ပြီး လွှတ်တော်နှစ်ရပ်ကြား သဘောထားကွဲလွဲမှုတွေ ရှိနေရင် ပြည်ထောင်စု လွှတ်တော်ထံ ပေးပို့ပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူရမှာဖြစ်ပါတယ်။