သြင်္ကန် ၄ရက်အတွင်း ရန်ကုန်နဲ့ မန္တလေးဆေးရုံကြီးကို လူနာ ၁၄၀၀ လောက်ရောက်ရှိ

မြန်မာ့နှစ်သစ်ကူး သြင်္ကန်ကာလ ၄ ရက်အတွင်း ရန်ကုန်ဆေးရုံကြီးနဲ့ မန္တလေးဆေးရုံကြီး ကို ရောက်ရှိလာတဲ့ လူနာအရေအတွက် ၁၄၀၀ လောက်ရှိတယ်လို့ ဆေးရုံကြီးတွေရဲ့ တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနကို တွေ့ရစဉ်

မြန်မာ့နှစ်သစ်ကူး သြင်္ကန်ကာလ ၄ ရက်အတွင်း ရန်ကုန်ဆေးရုံကြီးနဲ့ မန္တလေးဆေးရုံကြီးကို ရောက်ရှိလာတဲ့ လူနာအရေအတွက် ၁၄၀၀ လောက်ရှိတယ်လို့ ဆေးရုံကြီးတွေရဲ့ တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။

မန္တလေးဆေးရုံကြီးကို သြင်္ကန်ကာလအတွင်း ရောက်လာတဲ့ လူနာ ၇၀၀ လောက်ရှိပြီး သေဆုံးတဲ့သူ ၈ ယောက်ရှိတယ်လို့ မန္တလေးဆေးရုံကြီး ဆေးနဲ့လူမှုဆက်ဆံရေးဦးစီးဌာနက တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ဦးမင်းလွင် က ပြောပါတယ်။

"ထိခိုက်ဒဏ်ရာရတာရယ်၊ ယာဉ်တိုက်တာရယ်၊ အချို့လည်း ရန်ဖြစ်ကြတာပေါ့။ တခြားထိခိုက်ဒဏ်ရာ ရတာမျိုးတွေပေါ့နော်။ အဲဒါမျိုးတွေ များပါတယ်။ အပြင်ကနေ သေဆုံးပြီး ရောက်လာတာဆိုရင်တော့ လူနာ ၈ ဦးရှိတယ်ပေါ့နော်။ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးပြီးရောက်လာတဲ့ လူနာ ၈ ဦးရှိ တယ်ပေါ့နော်။ အားလုံးစုစုပေါင်းက ခုနက ကျနော်ပြောတဲ့ ဆေးရုံမှာလာကုတာက ၆၈၃ ဦး၊ နောက် တစ်ခါ လူနာသေဆုံးပြီး ရောက်လာတာက ၈ ယောက်နဲ့ဆို အားလုံး ၆၉၁ ဦး။ ဒါ မန္တလေးဆေးရုံကြီးကို သြင်္ကန်ကာလအတွင်းမှာ လာတယ်ပေါ့နော်။"

မန္တလေးမြို့အပါအဝင် အထက်မြန်မာပြည် မြို့နယ်တွေဖြစ်တဲ့ ရွှေဘို၊ ကန့်ဘလူ၊ တမူး၊ ကျောက်ဆည်နဲ့ ပြင်ဦးလွင် စတဲ့နေရာတွေက ယာဉ်မတော်တဆမှု၊ ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေပါ ရောက်ရှိလာ ကြတာပါ။

ဆေးရုံကို ဆေးကုသမှုခံယူဖို့ ရောက်လာတဲ့ လူနာ ၇၀၀ လောက်ထဲမှာ အတွင်းလူနာအနေနဲ့ အယောက် ၁၉၀ ကျော်ရှိပြီး ပြင်ပလူနာအနေနဲ့တော့ ၅၀၀ လောက်ရှိပါတယ်။

ရန်ကုန်ဆေးရုံကြီးကိုတော့ ယာဉ်မတော်တဆမှုတွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် ထိခိုက်ဒဏ်ရာရလို့ လာရောက်တဲ့လူနာ ၇၀၀ လောက်ရှိတယ်လို့ ဆေးရုံအုပ် ဒေါက်တာခင်သိင်္ဂီမြင့် က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org