ဒဏ်ရာနဲ့အဖမ်းခံရတဲ့ အင်ဂျင်နီယာ ကျောင်းသား ကိုလင်းပိုင်စိုး ပျောက်ဆုံးနေ
မန္တလေးမြို့ပေါ်က ဆန္ဒပြပွဲတစ်ခုအတွင်း ဒဏ်ရာအပြင်းအထန်နဲ့ ဖမ်းဆီးခံရ ပြီးတဲ့နောက် သေဆုံးပြီလို့ သတင်းထွက်နေတဲ့ ကျောက်ဆည်နည်းပညာတက္ကသိုလ် ကျောင်းသား ကိုလင်းပိုင်စိုးရဲ့ အခြေအနေမှန်ကို နှစ်လနီးပါးကြာတဲ့အထိ အတိအကျ မသိရတာကြောင့် မိသားစုက စိုးရိမ်ပူပန်နေပါတယ်။
- 2021-11-19
-
-
-
မန္တလေးတိုင်း ကျောက်ဆည် နည်းပညာတက္ကသိုလ်က နောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသား ကိုလင်းပိုင် စိုးဟာ နေပြည်တော်နယ်မြေ ပျဉ်းမနားဇာတိဖြစ်ပေမယ့် စစ်အာဏာသိမ်းပြီး သိပ်မကြာခင်မှာ မန္တလေးကို ရောက်နေပြီး သူငယ်ချင်းတွေနဲ့အတူ မြို့ပြပြောက်ကျားသပိတ်တွေမှာ ပါဝင်ဆင်နွှဲသူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းမှာတော့ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်က နေအိမ်တစ်ခုကို ရဲနဲ့စစ်တပ်က ဝင်ရောက်စီးနင်းရာမှာ ဆန္ဒပြ သူငယ်ချင်းတွေနဲ့အတူ ကိုလင်းပိုင်စိုး အဖမ်းခံလိုက်ရပါတယ်။ စီးနင်းချိန်မှာ ပစ်ခတ်ခံရတာကြောင့် ကိုလင်းပိုင်စိုးမှာ သေနတ်ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့လည်း ဆန္ဒပြရာမှာ အတူပါဝင်ခဲ့သူတွေက ပြောကြပါတယ်။
အောက်တိုဘာလ ၁၈ ရက်နေ့မှာတော့ ကိုလင်းပိုင်စိုး မန္တလေးက စစ်ဆေးရုံတစ်ခုမှာ သေဆုံးသွားပြီဆိုတဲ့ သတင်းထွက်လာတာကြောင့် မိသားစုက နီးစပ်ရာ အာဏာပိုင်တွေကို စုံစမ်းတဲ့အခါ တိကျတဲ့အဖြေ တစ်ခုမရဘဲ အခုချိန်ထိ ပျောက်ဆုံးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့က မိသားစုအနေနဲ့ သူစစ်ကြောရေးထဲ မရောက်ဘူး အပြင်ဆေးရုံရောက်တယ် အဲထိပဲ သိထားတာလေ။ အဲလိုမျိုး တပ်ဘက်ကနေ ကျွန်တော်တို့ဘက်ကို ဆက်သွယ်အကြောင်းကြားလာတာမျိုး မရှိဘူးဗျ။ ကျွန်တော်တို့က သတင်းအစ ပျောက်သွားလို့ပဲ ဆုံးတယ်လို့ အတည်ပြုတာပေါ့။ ကျွန်တော်တို့ လုံးဝမယုံဘူး တမိသားစုလုံး မယုံသေးဘူး။ လုံးဝ ကျွန်တော်တို့ ကလေး တစ်နေရာရာမှာရှိတယ်လို့ပဲ ယုံကြည်ထားတာ။ ဆန္ဒကတော့ ကျွန်တော်တို့ အဖြေတစ်ခုပဲ လိုချင်တာ။ သူတို့ တိုက်ရိုက်ဖုန်းဆက်လာ တဲ့အဖြေ။ သူတို့က ဘာမှမပြောတော့ ကျွန်တော်တို့ ဒီဘက်က ပိုင်ရာဆိုင်ရာတွေ မေးကြည့်တာလည်း အဖြေ က သူတို့လည်း သဲသဲကွဲကွဲ ဘယ်သူမှ တိတိကျကျ မပြောနိုင်ဘူးပေါ့။ ကျွန်တော်တို့ကလည်း ဘယ်လိုယုံလို့ယုံရမှန်း မသိဘူးဖြစ်နေတာ။ ကျွန်တော်တို့လည်း လိုက်တော့လိုက်နေတာပဲ။ အပြင်မှာ ထွက်နေတဲ့ သတင်းတွေကို ယုံကြည်မှု မရှိလို့ ကျွန်တော်တို့လည်း ဒီအချိန်အထိစောင့်နေတာ”
နေပြည်တော် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်တဲ့ ကိုလင်းပိုင်စိုးဟာ မန္တလေးကိုမသွားခင် နေပြည်တော်က အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့တာကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅၀၅ (က) နဲ့ ဖမ်းဝရမ်း အထုတ်ခံထားရသူလည်း ဖြစ်ပါတယ်။
ဒါကြောင့် မန္တလေးနဲ့ ကျောက်ဆည်မြို့တွေမှာ လှည့်လည်ရှောင်တိမ်းရင်း မြို့ပြသပိတ်တွေမှာ ထပ်မံပါဝင် ခဲ့တာလို့ ကျောက်ဆည် နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့က ပြောပါတယ်။
လူတစ်ယောက်ကို ဖမ်းဆီးပြီးတဲ့နောက် နှစ်လနီးပါးကြာတဲ့အထိ သေသလား၊ ရှင်သလား မိသားစုကို အတိ အကျ သတင်းမပေးတာဟာ ပြင်းထန်တဲ့လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ကိုလင်းပိုင်စိုးနဲ့အတူ ဆန္ဒပြခဲ့ဖူးတဲ့ ကျောက်ဆည် နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့နဲ့အတူတူ မလှုပ်ရှားဖြစ်ဘူးပေါ့လေ။ သူက နေပြည်တော်မှာ အရင်လှုပ်ရှားတာပေါ့။ သူ့ကို ဝရမ်းထုတ်ခံရတယ် နေပြည်တော်မှာ။ ကျွန်တော်တို့ဆီကို လာရတယ်ဗျ။ ကျွန်တော်တို့ဆီမှာ လာလှုပ်ရှား တယ်။ နေပြည်တော်ကို မပြန်တော့ဘူးပေါ့။ ပြောချင်တာတော့ဗျာ သူတို့တရားမျှတတဲ့ ဥပဒေနဲ့ဖမ်းတာ တော့ ထားဦးပေါ့။ လူအခွင့်အရေးချိုးဖောက်တာက တော်တော်ဆိုးတယ်။ ကျွန်တော်တို့ ကျောင်းသားရဲ့ သတင်းအချက်အလက်လည်း မသိရဘူး။ ဘယ်ရောက်တယ်ဆိုတာလည်း မသိရဘူး။ မိသားစုနဲ့လည်း တွေ့ခွင့်မရဘူး။ ရှေ့နေနဲ့လည်း တွေ့ခွင့်မရဘူး။ လူ့အခွင့်အရေးချိုးတွေ ချိုးဖောက်ခံရတာတော့ တော်တော် လွန်တယ်လို့ ပြောချင်ပါတယ်”
ကိုလင်းပိုင်စိုးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက် ညနေပိုင်း မန္တလေးမှာ အဖမ်းခံရပြီးတဲ့နောက် စစ်ကြောရေး မှာ နှိပ်စက်ညှဉ်းပန်းခံရတယ်၊ ဒဏ်ရာအပြင်းအထန် ရထားတယ်ဆိုတဲ့ သတင်းမျိုးသာကြားရပြီး နောက်ပိုင်း မှာ သတင်းအစအန လုံးဝပြတ်တောက်သွားတယ်လို့လည်း သူက ဆိုပါတယ်။ အဲဒီနောက် သုံးပတ်နီးပါး အကြာ အောက်တိုဘာ ၁၈ ရက်နေ့မှာ ကိုလင်းပိုင်စိုး သေဆုံးသွားပြီဆိုပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံ့လာခဲ့တာပါ။
ဂေါ်ရခါးလူမျိုး ကိုလင်းပိုင်စိုးဟာ ကျောက်ဆည် နည်းပညာတက္ကသိုလ်က နောက်ဆုံးနှစ် သတ္တုအင်ဂျင်နီယာ ကျောင်းသားဖြစ်ပြီး၊ ဘောလုံးကစားရာမှာ အလွန်တော်သလို အစုအဖွဲ့နဲ့လုပ်ကိုင်ရတဲ့ လက်တွေ့စီမံကိန်း တွေမှာ ဆက်ဆံရေးကောင်းတဲ့သူ၊ လူမှုကူညီရေးလုပ်ငန်းတွေမှာ အားတက်သရော ပါဝင်လုပ်ကိုင်တတ်သူ လူငယ်တစ်ဦးဖြစ်တယ်လို့ အနီးစပ်ဆုံး သူငယ်ချင်းတွေက ပြောကြပါတယ်။
“ICRC ကို ဒီကလေးရဲ့ အချက်အလက်တွေကို ပေးပို့ပြီးတော့ စုံစမ်းရှာဖွေဖော်ထုတ်ပေးနိုင်ဖို့အတွက် တောင်းဆိုနိုင်တယ်”
ဒီလို အဖိုးတန်ပညာတတ် လူငယ်တစ်ဦးကို ဖမ်းဆီးပြီးတဲ့နောက် သေသလား ရှင်သလား အခုချိန်ထိ အတိအကျ မပြောဘဲ သတင်းအမှောင်ချထားတာဟာ ဘယ်လိုမှ လက်မခံနိုင်တဲ့ကိစ္စဖြစ်တယ်လို့ ကိုလင်းပိုင်စိုးရဲ့ အနီးစပ်ဆုံး သူငယ်ချင်းဖြစ်သူ မမေဇေင်က RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ ကြားရတာ သူကျသွားပြီဆိုပြီး ကြားရတာပေါ့နော်။ ဒါပေမဲ့ အများစုက ဒါကို လက်မခံနိုင် ကြသေးဘူးပေါ့။ အဓိကတော့ သူ့သေဆုံးခန္ဓာကိုယ်ကို မမြင်ရသေးတာလည်းပါတယ်။ နောက်ပြီး သူ့ သတင်းက အမှောင်ချ ထားတာဆိုတော့လေ အားလုံးက အတော်များများက Confirm ဖြစ်ဖို့ကို လက်မခံ နိုင်ကြသေးဘူးပေါ့နော်။ ကျွန်မတို့လည်း လက်မခံချင်သေးပါဘူး။ အခုအခြေအနေက အတော်ဆိုးတဲ့ အခြေအနေပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဖမ်းဆီးနှိပ်စက်ရုံတင်မကဘဲ သတင်းတွေပါ အမှောင်ချပစ်တာပေါ့နော်။ သူနဲ့ပတ်သက်တဲ့ သတင်းတွေပါ စုံစမ်းရခက်သွားတာပေါ့နော်။ အခုက သူနဲ့ပတ်သက်တဲ့ သတင်းက တိုက်ရိုက်မဟုတ်ဘဲ တဆင့်သိရတာဆိုတော့ ဒီအခြေအနေက လက်ခံရ အတော်ခက်ခဲ တယ်ပေါ့နော်။ သူနဲ့ပတ်သက်တဲ့မိသားစုတွေ သူငယ်ချင်းတွေကလည်း ဒီအခြေအနေက အားလုံးက တိုက်ရိုက်ကြားရတာ မဟုတ်တော့ ဖြေဆည်ဖို့အတွက် လက်ခံဖို့အတွက် အားလုံးက ခက်ခဲ တယ်ပေါ့နော်”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ သေသလား၊ ရှင်သလား အတိအကျ မသိရတဲ့ ကိုလင်းပိုင်စိုးရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး “စစ်ကောင်စီဟာ ဆန္ဒပြကျောင်းသားတစ်ယောက်ကို လူသတ်အလောင်းဖျောက်ထားတယ်” လို့ အောက်တိုဘာ ၂၂ ရက်နေ့က စွပ်စွဲရေးသားခဲ့ပြိး AAPP ရဲ့ သေဆုံး စာရင်းမှာ ကိုလင်းပိုင်စိုး ကို ဓာတ်ပုံနဲ့တကွ ထည့်သွင်းဖော်ပြထားပါတယ်။
စက်တင်ဘာ ၃၀ ရက် စတင်အဖမ်းခံရချိန်ကနေ အခုချိန်ထိ နှစ်လနီးပါးကြာ သတင်းအစအန ပျောက်ဆုံးနေတဲ့ အင်ဂျင်နီယာကျောင်းသား ကိုလင်းပိုင်စိုးရဲ့ အခြေအနေအတိအကျသိနိုင်ဖို့အတွက် စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဒီသတင်းအတွက် သူစုံစမ်းပေးမယ်လို့ ပြောဆိုပါတယ်။
စစ်တပ်က ဖမ်းထားပြီး ဒီလိုပျောက်ဆုံးနေတဲ့ကိစ္စတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ နိုင်ငံတကာ ကြက်ခြေနီအသင်း (ICRC) ထံ ပေးပို့တိုင်ကြားသင့်တယ်လို့ အာရှလူ့အခွင့်အရေးအဖွဲ့ဝင် ဦးမင်းလွင်ဦးက ပြောပါတယ်။
“အဲလိုမျိုးဖြစ်တာကတော့ ဒီတစ်ယောက်တည်းမှ မဟုတ်ပါဘူး။ တော်တော်များများ အဲလိုမျိုး ရင်ဆိုင် ကြုံတွေ့ရတာဖြစ်ပါတယ်။ အစအန ရှာမတွေ့ဘဲ ပျောက်ဆုံးနေတယ်ဆိုရင်တော့ ဒီလိုကိစ္စတွေကို UN ကနေပြီးတော့ ကိုင် တွယ် ဖြေရှင်းနေတဲ့ ကိစ္စတွေရှိပါတယ်။ ပျောက်ဆုံးသွားတယ်၊ ဘာကြောင့် ပျောက်နေတယ် ဆိုတာတွေကို အချက်အလက်တွေနဲ့တကွ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ တိုင်တန်းပြီး တော့မှ အရေးယူဖို့အတွက် တောင်းဆိုနိုင်တယ်။ ထို့နည်းတူစွာ ICRC ကိုလည်း ဒီကလေးရဲ့ အချက် အလက်တွေကို ပေးပို့ပြီးတော့ စုံစမ်းရှာဖွေ ဖော်ထုတ်ပေးနိုင်ဖို့အတွက် တောင်းဆိုနိုင်တယ်လို့ ကျွန်တော် တို့ သိရပါတယ်”
ကျောက်ဆည် နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား ကိုလင်းပိုင်စိုးနဲ့အတူ အဖမ်းခံခဲ့ရသူ နှစ်ဦး ကတော့ အခုချိန်မှာ မန္တလေး နန်းတွင်းစစ်ကြောရေးကနေ အိုးဘိုထောင်ကို ရောက်နေပြီလို့ သိရပေမယ့် ကိုလင်းပိုင်စိုးနဲ့ ပတ်သက်ပြီး အမှန်တကယ် သေဆုံးသွားပြီလား၊ ဒါမှမဟုတ် အသက်ရှင်နေသေးတယ် ဆိုရင်တောင် ဘယ်အကျဉ်းထောင်မှာ ဖမ်းဆီးထားသလဲဆိုတာကို အတိအကျ သတင်းထုတ်ပြန်ပေးဖို့ မိသားစုနဲ့ အရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်းတွေက မျှော်လင့်နေကြပါတယ်။