mVoter2020 ထဲက လူမျိုး၊ ဘာသာ အမုန်းပွားစေမယ့်အချက်တွေ ဖျက်ပေးဖို့ တောင်းဆို

လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ လူမျိုးနဲ့ ကိုးကွယ်မှုဆိုင်ရာတွေနဲ့ ပတ်သက်ပြီး mVoter 2020 မိုဘိုင်း အက်ပလီကေးရှင်းမှာ ဖော်ပြထားတဲ့ အချက်အလက်အားလုံးကို ချက်ချင်း ပယ်ဖျက်ပေးဖို့ Justice For Myanmarအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

mVoter 2020 မှာ ဖော်ပြထားတဲ့ ၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အချက်အလက်ကို တွေ့ရစဉ် Credit: mVoter2020

လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ လူမျိုးနဲ့ ကိုးကွယ်မှုဆိုင်ရာတွေနဲ့ ပတ်သက်ပြီး mVoter 2020 မိုဘိုင်း အက်ပလီ ကေးရှင်း (Mobile App) မှာ ဖော်ပြ ထားတဲ့ အချက်အလက်အားလုံးကို ချက်ချင်းပယ်ဖျက်ပေးဖို့ Justice For Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ဥရောပသမဂ္ဂ EU၊ နိုင်ငံတကာဒီမိုကရေစီနှင့် ရွေးကောက်ပွဲအကူအညီပေးရေးအဖွဲ့ IDEA  အာရှဖောင်ဒေးရှင်းတို့က ငွေကြေးကူညီပံ့ပိုးပေးနေတဲ့ mVoter 2020 မိုဘိုင်းအက်ပလီကေးရှင်း ဟာ ကိုယ်စားလှယ်လောင်းတွေရဲ့လုပ်ရည်ကိုင်ရည်နဲ့ နိုင်ငံရေးဖြတ်သန်းမှုလမ်းကြောင်းပေါ် အခြေခံပြီး ဦးတည်စဉ်းစားရမယ့်အစား မဲဆန္ဒရှင်တွေကို လူမျိုးနဲ့ဘာသာကို အခြေခံစဉ်းစားလာအောင် ရည်ရွယ်လုပ်ဆောင်ထားတယ်လို့ Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

“mVoter 2020 မိုဘိုင်းအက်ပလီကေးရှင်းကို အသုံးချပြီး မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတည်ရှိမှုကို ဖုံးကွယ် ငြင်းဆို တဲ့လုပ်ရပ်ကို EU, IDEA နဲ့ Asia Foundation တို့က ပံ့ပိုးကူညီနေခြင်းအပေါ်  Justice For Myanmar အနေနဲ့ အလွန်စိုးရိမ်ပူပန်ပါတယ်။ ဒီလိုဖုံးကွယ်ငြင်းဆိုတာဟာ မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ရာမှာ အဓိကကျတဲ့လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။ EU, IDEA and Asia Foundation တို့ ပံ့ပိုးကူညီပေးတဲ့ မိုဘိုင်း အက်ပလီကေးရှင်းဟာ မဲဆန္ဒရှင်တွေကို လူမျိုးနှင့်ဘာသာကို အခြေခံစဉ်းစားလာအောင် ရည်ရွယ်လုပ်ဆောင်တာ သိသာထင်ရှားပါတယ်။ ဖြစ်သင့်တာက ကိုယ်စားလှယ်လောင်းတွေကို သူတို့ရဲ့ယဉ်ကျေးမှု နောက်ခံ ဒါမှမဟုတ် ဘာသာရေးယုံကြည်မှုအပေါ်မှာ အခြေခံစဉ်းစားမယ့်အစား သူတို့ရဲ့လုပ်ရည်ကိုင်ရည်နဲ့ နိုင်ငံရေးလမ်းကြောင်းအပေါ်မှာ အခြေခံစဉ်းစားဖို့ ဦးတည်သင့်ပါတယ်။”

ရွေးကောက်ပွဲ နယ်မြေတစ်ခုချင်းစီအလိုက် ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့အကြောင်း၊ ပါတီမူဝါဒ သဘောထားတွေ၊ ဆန္ဒမဲပေးနည်းအဆင့်ဆင့်နဲ့ ရွေးကောက်ပွဲဆိုင်ရာတွေကို ကြည့်ရှုနိုင်မယ့် mVoter 2020 မိုဘိုင်းအက်ပလီကေးရှင်းကို စက်တင်ဘာ ၂၉ ရက်နေ့က စမိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအက်ပလီကေးရှင်းမှာ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ရတဲ့ ရိုဟင်ဂျာကိုယ်စားလှယ်တွေထဲက တစ်ဦးဖြစ်တဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီရဲ့ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒို့စ်မူဟာမတ် (ခ) အေးဝင်းနဲ့ မိဘတွေရဲ့ အချက်အလက် ဖြည့်သွင်းမှုမှာလူမျိုးနေရာမှာ “ဘင်္ဂါလီ-ဗမာ” လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးမှာ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံမယ်ဆိုရင် မလိုလားအပ်တဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ကြီးထွားလာနိုင်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက သုံးသပ်ပါတယ်။

“ဒီလိုအရမ်းအကဲဆတ်တဲ့အချိန်မှာ ကိုယ်စားလှယ်လောင်းတွေရဲ့  ဘာသာရေးနဲ့ လူမျိုးရေးကိုဖော်ပြတယ်။ လုံးဝ မလုပ်သင့်ပါဘူး။ ဒါဟာ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကိုလဲ ချိုးဖောက်ရာရောက်တယ်။ နောက် တစ်ခုက ဘာသာရေးနဲ့ လူမျိုးရေးမုန်းတီးမှုဖြစ်အောင် အစွန်းရောက်တွေ လှုံ့ဆော်လို့ရအောင် တွန်းအား ပေးတဲ့ဘက်ကို ရောက်နိုင်တဲ့ အနေအထားမျိုးလဲရှိတယ်။ အကဲဆတ်တဲ့အနေအထားမျိုးမှာ ဒီလိုလုပ်ရပ်က ဘာသာရေးကိုအခြေခံတဲ့ လူမျိုးရေးကိုအခြေခံတဲ့ ပဋိပက္ခတွေ ဖြစ်စေနိုင်လောက်တဲ့အထိ မီးထိုးပေးတဲ့ အနေအထားမျိုး ဖြစ်သွားနိုင်တယ်“


ပြည်သူတွေရဲ့ အုပ်ချုပ်ရေးဆိုင်ရာမှာ ဝင်ရောက်တာဝန်ယူရမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့  အကြောင်းအရာတွေကို ဖော်ပြတာမှန်ပေမယ့် ရွေးကောက်ပွဲကာလအတွင်း လူမျိုးရေး ဘာသာရေး အခြေခံပြီး အမုန်းတရားလှုံ့ဆော်နေချိန်မှာ ဒါမျိုးတွေကို မဖော်ပြသင့်ဘူးလို့  ညီမျှခြင်းမြန်မာရဲ့  အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ရိုဟင်ဂျာလို့ သုံးစွဲမှုကိစ္စ၊ ဘင်္ဂါလီလို့ သုံးစွဲမှုကိစ္စတစ်ခုကတော့ ကျွန်တော်တို့တိုင်းပြည်မှာ ဒီလိုသုံးစွဲမှုကြောင့် ပိုပြီးတော့ မုန်းတီးမှုတွေ အငြင်းပွားမှုတွေ ဖြစ်စေတဲ့အတွက် တချို့ကိစ္စတွေမှာ ဒါကိုဖော်ပြလို့မသင့်ဘူး။ အထိ အခိုက်မခံနိုင်တဲ့ အခုလိုကာလမျိုးမှာ ဘာသာရေးကို အခြေခံပြီး ဖော်ပြစရာမလိုဘဲနဲ့ ဖော်ပြခြင်းက မလိုလား အပ်တဲ့ အန္တရာယ်ကို ပိုဖြစ်စေနိုင်တယ်။ အခွင့်ကောင်းယူတဲ့သူတွေက ဒါကိုအကြောင်းပြပြီး တိုက်ခိုက်မှုတွေ သွေးထိုးလှုံ့ဆော်မှုတွေ ပိုပြီးဖြစ်နိုင်တဲ့အတွက်ကြောင့် စိုးရိမ်မှုရှိတယ်"


မြန်မာနိုင်ငံသား ကိုယ်စားလှယ်ရွေးချယ်ပိုင်ခွင့် ရှိတဲ့သူတစ်ယောက်အနေနဲ့ပဲ ဖော်ထုတ်ပေးသင့်ပြီး လူမျိုးဘာသာကို အဓိကထား ဖော်ပြတာမျိုးက မဖြစ်သင့်ဘူးလို့ မိတ္ထီလာမြို့က တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း က ထောက်ပြပါတယ်။

“သာမန်ဖြည့်ရိုးဖြည့်စဉ်အနေနဲ့ ဖြည့်တယ်ဆိုတဲ့သဘောရယ်။ သာမန် သူ့ရဲ့အချက်အလက်တစ်ခုအနေနဲ့ ဖော်ပြတာဆိုရင်တော့ အကြောင်းမဟုတ်ဘူး။ အဲလိုမဟုတ်ဘဲ ရည်ရွယ်ချက်ကိုက ဘင်္ဂါလီဆိုတာကိုတပိုင်း ကလဲ အင်အားစုတစ်ခုက အစဉ်အလာအရ ဒါဟာမလိုလားအပ်တဲ့ ဆန့်ကျင်ရမယ့်အင်အားစုအဖြစ် အုပ်စု တစ်စုက လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်လောက်က ကြွေးကြော်ပြီး တွန်းအားနဲ့ တည်ငြိမ်အေးချမ်းမှုပျက်အောင် လုပ်လာတဲ့အင်အားစုတွေရှိတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဒီလိုမရည်ရွယ်ပေမယ့် အဲလိုအဓိပ္ပါယ် သက်ရောက်သွားတဲ့ အနေအထားမျိုး Highlight  လုပ်လိုက်တယ်ဆိုရင်တော့ သမိုင်းတရားခံဖြစ်နိုင်တယ်။ ဒါမျိုးကိုတော့ မလုပ်သင့်ဘူး။ ထိန်းသိမ်းသင့်တယ်"


ကိုယ်စားလှယ်လောင်းတွေရဲ့ သတင်းအချက်အလက်တွေကို လက်ရှိရွေးကောက်ပွဲဥပဒေအရ ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ လိုအပ်ချက်တွေနဲ့အညီ တင်ပြထားပြီး အဲဒီအထဲမှာ ကိုယ်စားလှယ်လောင်းတွေကို ဘာသာရေးနဲ့ လူမျိုးစုအလိုက် အမျိုးအစားခွဲခြားထားတယ်လို့လည်း Justice for Myanmar အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

mVoter 2020 မိုဘိုင်းအက်ပလီကေးရှင်း ရေးဆွဲသူ ကိုမြတ်မင်းစိုး ကတော့ ဘာသာရေး လူမျိုးရေးကို အခြေခံ ရေးဆွဲထားတာမဟုတ်ဘဲ ရွေးကောက်ပွဲကော်မရှင်မှာ ဖြည့်စွက်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အချက်အလက်တွေကို မဲဆန္ဒရှင်တွေ သိရှိနိုင်အောင် ပြသပေးတာဖြစ်တယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့ကတော့ ဘာသာရေး လူမျိုးရေးကို အခြေခံတာမဟုတ်ပါဘူး။ ကိုယ်စားလှယ်လောင်းတွေရဲ့ အချက်အလက်ရသမျှ အကုန်လုံးကိုပြသပေးတာပဲဖြစ်ပါတယ်။ အချက်အလက်တွေက ရွေးကောက်ပွဲကော်မရှင်က ပေးတဲ့အချက်အလက်တွေကိုပဲ သုံးရတာ။ လူမျိုးကျတော့ မြန်မာနိုင်ငံက တိုင်းရင်းသားတွေလည်း ရှိတော့ တိုင်းရင်းသားတွေက သူတို့လူမျိုးဟုတ် မဟုတ်တော့ ကြည့်ချင်မှာပဲ။ အဲတော့ ရွေးကောက်ပွဲအတွက် လူမျိုးကတော့ အရေးကြီးတယ်ထင်တယ်။ ဘာသာကကျတော့ ရွေးကောက်ပွဲနဲ့မဆိုင်ဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံ မှာက လူမျိုးဘာသာက ဖြည့်ရတဲ့ဖောင်ထဲမှာပါတယ်။ ဒါကိုထည့်ပေးလိုက်တယ်ဆိုတာက မဲဆန္ဒရှင်တွေ ဆုံးဖြတ်ဖို့ပဲ။ ဒါကိုမကြည့်ပါနဲ့ဆိုပြီး ကျွန်တော်တို့က ဆင်ဆာသွားလုပ်လို့မရဘူး"


အက်ပလီကေးရှင်းအတွက် ငွေကြေးထောက်ပံ့တဲ့အထဲမှာပါဝင်တဲ့  နိုင်ငံတကာဒီမိုကရေစီနှင့် ရွေးကောက်ပွဲ အကူအညီပေးရေးအဖွဲ့ IDEA က  "စက်တင်ဘာ ၂၉ ရက်နေ့က စပြီးမိတ်ဆက်ခဲ့တဲ့ အဲဒီအက်ပလီကေးရှင်းကို မြန်မာနိုင်ငံက သက်ဆိုင်ရာ ဥပဒေစည်းမျဉ်းများအရ ရွေးကောက်ပွဲကော်မရှင်က ရေးဆွဲထားတာဖြစ်ပြီး ပါဝင်တဲ့အကြောင်းအရာ အချက်အလက် အားလုံးနဲ့ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်မှာသာ တာဝန်ရှိတယ်"လို့  ဒီနေ့နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

mVoter 2020 အက်ပလီကေးရှင်းဟာ မဲဆန္ဒရှင်တွေ လိုအပ်နေတဲ့ သတင်းအချက်အလက်တွေကို သိရှိနိုင်အောင် လုပ်ပေးရမယ့်အစား ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေရဲ့  လူမျိုးကိုးကွယ်တဲ့ဘာသာ ဖော်ပြမှုကြောင့် လူမျိုးရေးခွဲခြားမှု၊ ဘာသာရေးအခြေခံ အမျိုးသားရေးဝါဒကို သွေးထိုးလှုံ့ဆော်တဲ့ အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေအကြား စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

ဒီနေ့ထုတ်ပြန်တဲ့ Justice For Myanmar နဲ့ IDEA အဖွဲ့တွေရဲ့ ကြေညာချက်တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ သုံသပ်ချက်တွေနဲ့ပတ်သက်ပြီး တစုံတရာမှတ်ချက်ပေး တုံ့ပြန်နိုင်ဖို့ RFA က ရွေးကောက်ပွဲကော်မရှင်ကို ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

RFA အနေနဲ့ EU နဲ့ Asia Foundation အဖွဲ့တွေဆီက တုံ့ပြန်ချက်ရနိုင်ဖို့ကိုလည်း ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org