ညီနောင်မဟာမိတ်နဲ့အတူ ရပ်တည်တိုက်ပွဲဝင်မယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပြော

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးအောင်မြင်မှုရနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့နဲ့အတူ ရပ်တည်တိုက်ပွဲဝင်မယ်လို့ (PNFC)၊ (PNLO) နဲ့ (NMSP-AD) တို့က ထုတ်ပြန်ပါတယ်။

မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ TNLA, MNDAA, AA တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။ Arakan Army

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးအောင်မြင်မှုရနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့နဲ့အတူ ရပ်တည်တိုက်ပွဲဝင်မယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ မွန်ပြည်သစ်ပါတီ (NMSP-AD) တို့က သြဂုတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဘုံလုပ်ငန်းစဥ်မှာ ညီနောင်မဟာမိတ် သုံးဖွဲ့အပါအဝင် တိုင်းရင်သားလက်နက်ကိုင် အင်အားစုအားလုံးနဲ့အတူ ရပ်တည်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

ဒီအပြင် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ်မတော် (MNDAA) အပါအဝင် တော်လှန်ရေး တပ်ပေါင်းစုတွေက သိမ်းပိုက်နိုင်မှုအပေါ် ဂုဏ်ပြုကြောင်းလည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းကတော့ စစ်ရေးနဲ့ နိုင်ငံရေးအရ ဆက်ပြီး ပူးပေါင်းဆောင်ရွက်မယ်လို့ RFA ကို ပြောပါတယ်။

“ညီနောင်သုံးဖွဲ့ရဲ့ နှစ်သစ်ကူးကြေညာချက်မှာလည်း ပါတယ်။ အားလုံးအတူတကွ လက်တွဲဆောင်ရွက်ရမယ်ဆိုတာ ဒါက အရေးကြီးတဲ့အချက်လို့ ကျွန်တော်တို့လည်း ခံယူပါတယ်။ ဒါကြောင့် စစ်ရေးအရရော နိုင်ငံရေးအရ ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်ကြမှာပါ”

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) အနေနဲ့ ရှမ်းပြည်တောင်ပိုင်းမှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ကရင်နီ တပ်မတော်(KA)၊ KNDF တို့နဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ သူက ပြောပါတယ်။

အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် (MNDAA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့ပြီးနောက် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့က အာဏာသိမ်းစစ်တပ် ပြိုလဲတဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ သြဂုတ် ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org