သန်းခေါင်စာရင်းကောက်မှု အချိန်မတန်သေးဟု ပြော

၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ်ဟာ သင့်တော်တဲ့အချိန် မဟုတ်သေးတဲ့အပြင် အရပ်ဖက် လူမှုအဖွဲ့အစည်းတွေရဲ့ သဘောထားကို ဥပေက္ခာပြုထားကြောင်း ကချင် အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၉ ဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်မြို့ လှည်းတန်းမြို့နယ် Community Response Group ရုံးခန်းမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က သန်းခေါင် စာရင်း ကောက်ယူဖို့ကိစ္စနဲ့ ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ဒေါ်ခွန်ဂျာ ရှင်းလင်းနေစဉ် photo: RFA/ Nay Myo Htun

၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းစဉ်ဟာ သင့်တော်တဲ့အချိန် မဟုတ်သေးတဲ့အပြင် အရပ်ဖက် လူမှုအဖွဲ့အစည်းတွေရဲ့ သဘောထားကို ဥပေက္ခာပြုထားကြောင်း ကချင် အရပ်ဘက် လူမှုအဖွဲ့အစည်း ၂၉ ဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

တချိန်တည်းမှာပဲ တိုင်းရင်းသား အဖွဲ့အစည်း ၁၀ ဖွဲ့ကလည်း သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ဒိုင်းမွန်းကွန်ဒိုမှာ သတင်းစာ ရှင်းလင်းပွဲကျင်းပပြီး ရှင်းပြခဲ့ပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ တက်ရောက်ဆွေးနွေးခဲ့တဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင် ဒေါ်ခွန်ဂျာက အခုလို ပြောပါတယ်။

"သန်းခေါင်စာရင်းဆိုတာ အရေးကြီးမှန်းသိလို့ ကျမတို့ပါဝင်တာဖြစ်တယ်၊ ၁၃၅ မျိုးမှာ ဗမာကလွဲရင် ကျန်တဲ့လူတွေ နာကျင်ကြေကွဲနေတယ်၊ အဲဒါကို မဖြေရှင်းမချင်း လုံးဝဆက်ပြီးမလုပ်သင့်ဘူး၊ ရှိတဲ့နေရာမှာ ရပ်ထားပေးဖို့ ကျမတို့တောင်းဆိုပါတယ်၊ နောက်တစ်ခုက သန်းခေါင်စာရင်းမှာ တိုင်းရင်းသားအားလုံးရဲ့ ပူးပေါင်းပါဝင်မှုကို အာမခံချက်ပေးရမှာ ဖြစ်ပါတယ်၊ ဘယ်နေရာမှာ ကျမတို့ တိုင်းရင်းသားများနဲ့ တွေ့တယ် တွေ့တယ်လို့ ပြောပြီးမှ ခရက်ဒစ်ကို ယူယူသွားတဲ့အခါမှာ ကျမတို့ ပိုပြီးတော့မှ သံသယကြီးလာတယ်၊ ပိုပြီးတော့မှ ကျမတို့ မုန်းတီးလာတယ်၊ ယုံကြည်မှုက လုံးဝ ပိုပြီးပျောက်ပျက်သွားမှာဖြစ်တယ်"

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေသေးတဲ့အတွက် နယ်မြေတချို့မှာ ကောက်ယူမှု မဖြစ်နိုင်သေးကြောင်း၊ သန်းခေါင်စာရင်း မေးခွန်းမှာပါတဲ့ လူမျိုးနဲ့ သင်္ကေတ (ကုတ်နံပါတ်) သတ်မှတ်ချက်တွေ မှားယွင်းနေတာကြောင့် တိကျတဲ့အချက်အလက်တွေ ရရှိနိုင်မှာ မဟုတ်တဲ့အကြောင်းစတဲ့ အချက်တွေကို အစိုးရ၊ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့  UNFPA နဲ့ သန်းခေါင်စာရင်း ကောက်ခံဖို့အတွက် ငွေကြေးထောက်ပံ့တဲ့ နိုင်ငံတွေထံ တင်ပြခဲ့ပေမယ့် လက်ခံတုန့်ပြန်တာ မရှိခဲ့ဘူးလို့လည်း ကချင်အရပ်ဘက်အဖွဲ့တွေရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီဆွေးနွေးပွဲကို UNFPA ရဲ့ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ အထူးကိုယ်စားလှယ် Petra Righetti လည်း တက်ရောက်ပြီး တိုင်းရင်းသားတွေရဲ့ စိုးရိမ်ပူပန်မှုတွေဟာ အရေးကြီးတာကြောင့် ထည့်သွင်းစဉ်းစားသွားမယ်လို့ ဘာသာပြန်ကတစ်ဆင့် ပြောကြားခဲ့ပါတယ်။

"ဒီနေ့ လာရောက်ခြင်းအကြောင်းကတော့ တိုင်းရင်းသားများရဲ့ စိုးရိမ်မှုများကို ဆွေးနွေးပွဲမှာ လာနားထောင်ဖို့အတွက် လာတာပါ၊ ပြီးတော့ ဒါတွေကို သူတို့လုပ်သွားတဲ့အချိန်မှာ စဉ်းစားသွားဖို့ရယ်၊ လုပ်ဆောင်သွားဖို့ရယ်၊ အရင်ဒီမှာ ဆွေးနွေးသွားတဲ့ဟာတွေကိုလည်း တကယ်ပဲ အရေးယူဆောင်ရွက်သွားဖို့ စဉ်းစားတာပါ၊ တိုင်းရင်းသားများရဲ့ စိုးရိမ်ပူပန်မှုဟာ တကယ်ပဲ အရေးကြီးပါတယ်၊ ပြီးတော့ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့အကြောင်းအရာပါ"

လက်ရှိပုံစံနဲ့ ကောက်ခံတဲ့ သန်းခေါင်စာရင်း ရလာဒ်တွေကို ကချင်အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအနေနဲ့ အသိအမှတ်မပြုကြောင်းလည်း ကချင်အဖွဲ့တွေရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org