အီးယူက ရွေးကောက်ပွဲ စောင့် ကြည့်လေ့လာမည်

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဥရောပ သမဂ္ဂ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့က အဖွဲ့ဝင် အင်အား ၁၅ဝ ကျော်နဲ့ လေ့လာစောင့်ကြည့်သွားမယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ ခေါင်းဆောင် မစ္စတာ Alxender Graf Lambsdorff ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးရှေ့မှာ အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ Photo: Win Ko Ko Latt/RFA

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဥရောပသမဂ္ဂ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့က အဖွဲ့ဝင်အင်အား ၁၅ဝ ကျော်နဲ့ လေ့လာစောင့်ကြည့်သွားမယ်လို့ သိရပါတယ်။

နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ ဥရောပ သမဂ္ဂ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တို့ တွေ့ဆုံပွဲအပြီးမှာ အဖွဲ့ခေါင်းဆောင် Alxender Graf Lambsdorff က သတင်းထောက်တွေကို ပြောခဲ့တာပါ။

"ရွေးကောက်ပွဲနေ့မှာ ဥရောပသမဂ္ဂအဖွဲ့က ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး အဖွဲ့ဝင် ၁၅၀ ကျော်နဲ့ တစ်နိုင်ငံလုံးမှာ ထားရှိလေ့လာသွားမှာ ဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေရဲ့ တွေ့ရှိချက်တွေကို အမှီပြုပြီး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုလုံးကို သုံးသပ်သွားမှာဖြစ်ပါတယ်လို့" ပြောသွားတာ ဖြစ် ပါတယ်။

ဥရောပသမဂ္ဂ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ဝင် ၄ဝ လောက်ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီဖြစ်ပြီး ကျန်တဲ့အဖွဲ့ဝင်တွေဟာ မကြာခင်ရောက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအဖွဲ့ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးရဲ့ ဖိတ်ကြားချက်နဲ့ စောင့်ကြည့်လေ့လာ မှာဖြစ်ပြီး ဒီကနေ့ ဆွေးနွေးတာတွေကိုတော့ ထုတ်ဖေါ်ပြောကြားခြင်းမရှိပါဘူး။

အီးယူလေ့လာစောင့်ကြည့်ရေးအဖွဲ့ဟာ သူတို့သတ်မှတ်ရွေးချယ်ထားတဲ့ မဲဆန္ဒနယ်တွေမှာ မဲပေးတာ၊ မဲရေတွက်တာနဲ့ မဲရလဒ်ထုတ်ပြန်တာ စတဲ့လုပ်ငန်းစဉ်တွေကို စောင့်ကြည့်မှာဖြစ်ပြီး နိုင်ငံရေးပါတီတွေ လွတ်လပ်စွာစည်းရုံးခွင့် ရှိ မရှိ နဲ့ သတင်းမီဒီယာသမားတွေရဲ့ သတင်းတင်ပြမှုတွေကိုလည်း စောင့်ကြည့်သွား မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်း ၄ ဖွဲ့ကို စောင့်ကြည့် ခွင့်ပြုထားပြီး အဲ့ဒီအဖွဲ့တွေထဲမှာ အီးယူအဖွဲ့က အဖွဲ့ဝင်အင်အားအများဆုံး ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ပြည်တွင်းက လေ့လာစောင့်ကြည့်မယ့် အဖွဲ့တွေကို  လာမယ့် အောက်တိုဘာလ ၂၄ ရက်နေ့အထိ လျှောက်ထားခွင့်ပြုထားပြီး လက်ရှိအချိန်ထိ ပြည်တွင်း အဖွဲ့ ၉ ဖွဲ့က စောင့်ကြည့်မယ့်သူ ၆ ထောင်ကျော်ကို ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org