စစ်တပ်အပေါ် ထပ်တိုးဒဏ်ခတ်ဖို့ အီးယူအဖွဲ့ဝင်တွေတောင်းဆို
မြန်မာ၊ ဘဲလာရုစ်၊ အဲလ်ဂျီးရီးယား သုံးနိုင်ငံရဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို ဒီကနေ့ ဥရောပပါလီမန်အတွင်း မဲခွဲအတည်ပြုခဲ့တာဖြစ်ပါတယ်။
-
ကျော်ထွန်းနိုင် (ဝါရှင်တန်ဒီစီ)
2023-05-11 -
-
-
မြန်မာအာဏာသိမ်း စစ်ကောင်စီအပေါ်အရေးယူ ဒဏ်ခတ်ပိတ်ဆို့တာတွေ ထပ်တိုးချမှတ်ဖို့ ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့ဝင် နိုင်ငံတွေက ထပ်မံတောင်းဆိုလိုက်ပါတယ်။
မြန်မာ၊ ဘဲလာရုစ်၊ အဲလ်ဂျီးရီးယား သုံးနိုင်ငံရဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှုဆိုင်ရာ ဆုံးဖြတ်ချက်ကို ဒီကနေ့ ဥရောပပါလီမန်အတွင်း မဲခွဲအတည်ပြုခဲ့တာဖြစ်ပါတယ်။
အဲဒီဆုံးဖြတ်ချက်ထဲမှာ စစ်ကောင်စီနဲ့ စစ်ကောင်စီရဲ့ ဆက်စပ်စီးပွားရေးလုပ်ငန်းတွေကို ထပ်တိုးဒဏ်ခတ်ဖို့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။
အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းသုံး တိုက်ခိုက်တာတွေ၊ အကြမ်းဖက်တာတွေကို ရန်တန့်ဖို့၊ အရပ်သားအစိုးရထံ အာဏာပြန်လွှဲပေးဖို့လည်း ထပ်မံတောင်းဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ တရားမဝင်အုပ်ချုပ်မှုတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရေးပါတီတွေ ဖျက်သိမ်းထားတာကို ပြန်လည်ရုပ်သိမ်းဖို့လည်း ပြောထားပါတယ်။
နိုင်ငံတကာပုဂ္ဂလိက ကုမ္ပဏီတွေအနေနဲ့လည်း မြန်မာနိုင်ငံနဲ့ အလုပ်လုပ်တဲ့အခါ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး အလုပ်သမားတွေရဲ့ ရပိုင်ခွင့်ကို ကာကွယ်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။
ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ သိသိသာသာ တိုးမြှင့်ပေးဖို့လည်း ပါလီမန်အမတ်တွေက တောင်းဆိုထားပါတယ်။
ဉရောပ ပါလီမန်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို ထောက်ခံသူ ၄၅၄ ဦး၊ ကန့်ကွက်သူ ငါးဦးနဲ့ ကြားနေသူ ၃၉ ဦးနဲ့ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။