ပိတ်ဆို့အရေးယူမှု ရုတ်သိမ်းပေးရေး EU အဖွဲ့ကို ၁ဝ ပါတီတိုက်တွန်း
EU ဥရောပသမဂ္ဂ နိုင်ငံအစိုးရတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ရုတ်သိမ်းပေးဖို့ မေတ္တာရပ်ခံစာကို ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၁ဝ ပါတီအဖွဲ့က ဒီကနေ့ ဥရောပသမဂ္ဂကို ပေးပို့လိုက်ပါတယ်။
-
2011-10-16 -
-
-
ဒီမိုကရက်တစ်ပါတီ- မြန်မာပြည် ရုံးခန်းမှာ မဟာမိတ်ပါတီ ၁ဝ ပါတီ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြပြီး သဘောတူ ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရက ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေပြီ ဖြစ်တဲ့အတွက် EU ဥရောပသမဂ္ဂ နိုင်ငံအစိုးရတွေ အနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေအပေါ် ပြန်လည်စဉ်းစား သုံးသပ်ပေးဖို့ တိုက်တွန်း တောင်းဆိုရတာဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ- မြန်မာပြည်ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။
“ကျနော်တို့ အရင်တုန်းက EU နဲ့ အကြိမ်ကြိမ်တွေ့ခဲ့တုန်းက ပြောခဲ့ဆိုခဲ့တာတွေ ရှိတယ်။ အခုလည်းပဲ ပြောစရာလေး ရှိလို့ ဆက်ပြောမယ် ဆိုပြီးတော့။ အဲဒါက ဘာလဲဆိုရင် မြန်မာနိုင်ငံရဲ့ အစိုးရကလည်းပဲ အပြောင်းအလဲတွေ လုပ်လာတယ်ပေါ့နော်။ လုပ်လာတော့ အဲဒါ EU ဘက်ကလည်း ကျနော်တို့ တိုင်းပြည်အတွက်ကို၊ လူထုကို ထိခိုက်စေတဲ့ အဲဒီ Sanction ဆိုတာလေးကို ရုတ်သိမ်းပေးဖို့ ပြန်ပြီးတော့ စဉ်းစားပါ ဆိုပြီး ကျနော်တို့ တိုက်တွန်းတာပါ”
ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကန့်သတ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ ရွေးကောက်ပွဲဝင် ပါတီ ၁ဝ ပါတီက ပန်ကြားချက်တွေ အရင်ကလည်း ပေးပို့ခဲ့ဖူးကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့လကတော့ အမေရိကန်၊ အီးယူ၊ ကနေဒါ စတဲ့ ချမ်းသာတဲ့နိုင်ငံတွေ အနေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ကုန်သွယ်ရေးမှာ GSP အစီအစဉ်အရ အခွန်လျှော့ပေးတဲ့ အထွေထွေဦးစားပေး အခွင့်အရေးတွေကို မြန်မာနိုင်ငံကို ပေးအပ်ဖို့ မသင့်လျော်သေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FTUBက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။