မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်အတွက် လူသားချင်းစာနာမှုအကူအညီ ယူရို ၂၂ သန်း EU ထပ်ပေး

ဒီငွေတွေကို လုံခြုံရေးဝန်ဆောင်မှုတွေ၊ အစားအသောက်အကူအညီ၊ အာဟာရ၊ ကျန်းမာရေးနဲ့ ခိုလှုံစရာ အပါအဝင် အရေးပေါ်လိုအပ်နေတဲ့နေရာတွေအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ EU က ပြောထားပါတယ်။

၂ဝ၂၂ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် တွေ့ရသည့် စစ်ဘေးဒုက္ခသည်များ။ Photo : AFP

မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ စစ်ပြေးဒုက္ခသည်တွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒီလူတွေကို လက်ခံထားတဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒေသခံလူမှုအသိုင်းအဝိုင်းတွေအတွက် လူသားချင်းစာနာမှု အကူအညီ ယူရိုငွေ ၂၂ သန်းကို ဥရောပသမဂ္ဂ (EU) က နောက်ထပ် ပေးအပ်မယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။

ဒီငွေတွေကို လုံခြုံရေးဝန်ဆောင်မှုတွေ၊ အစားအသောက်အကူအညီ၊ အာဟာရ၊ ကျန်းမာရေးနဲ့ ခိုလှုံစရာ အပါအဝင် အရေးပေါ်လိုအပ်နေတဲ့နေရာတွေအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ EU က ပြောထားပါတယ်။

“ရိုဟင်ဂျာပြဿနာဟာ မကြုံစဖူး အခြေအနေအထိ ရောက်နေပြီး၊ လူသားချင်းစာနာမှု လိုအပ်ချက်တွေကို ဖြေရှင်းရေး နိုင်ငံတကာရဲ့ ရေရှည်ညီညွတ်မှု မဖြစ်မနေ လိုအပ်ပါတယ်။” - လို့ EU ရဲ့ အကျပ်အတည်း စီမံခန့်ခွဲရေးကော်မရှင်နာမင်းကြီး Janez Lenarčič က ပြောဆိုခဲ့ပါတယ်။

အခုနောက်ဆုံး ထောက်ပံ့မှုအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒေသခံလူမှု အသိုင်းအဝိုင်းတွေကို လူသားချင်းစာနာမှုအကူအညီနဲ့ ကပ်ဘေးအန္တရာယ်အကူအညီအတွက် EU ရဲ့ ထောက်ပံ့မှုဟာ ဒီနှစ်ထဲမှာ ယူရို ၄၁ သန်း ရှိသွားပါပြီ။

မြန်မာနိုင်ငံမှာ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုးလာနေတဲ့ လိုအပ်ချက်တွေအတွက်ကိုတော့ EU က ပေးအပ်ထားတာ အားလုံး ယူရို ၂၇ သန်း ရှိသွားပြီလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသ ဒုက္ခသည်စခန်းတွေမှာ မရေမရာနဲ့ ဆိုးရွားတဲ့အခြေအနေတွေမှာ နေနေကြရသလို၊ ခန့်မှန်း ၂ သောင်း ၇ သောင်းလောက်ဟာလည်း ဘာရှန်ချာကျွန်းကို ပြောင်းရွှေ့နေထိုင်ကြရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတဲ့ ဒုက္ခသည်အရေအတွက်ဟာ အရင်က ၁ သန်းလောက်ပဲ ရှိရာကနေ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၁၄.၄ သန်းအထိ သိသိသာသာ တိုးလာနေတယ်လို့ EU က ထောက်ပြထားတာပါ။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာရသူ ၆ သိန်းကျော် အပါအဝင် စုစုပေါင်း ပြည်တွင်းဒုက္ခသည် (IDP) ၉ သိန်းခွဲကျော်ရှိကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

ဒီ ၂ဝ၂၂ ခုနှစ်အတွက် လူသားချင်း စာနာမှုအကူအညီ ဒေါ်လာ ၈၂၆ သန်း လျာထားပေမယ့် အခုအချိန်အထိ ၈ ရာခိုင်နှုန်းပဲ ရသေးတယ်လို့လည်း ကုလသမဂ္ဂက ဒီတစ်ပတ်ထဲမှာ သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org