မီးဘေးသင့်ရိုဟင်ဂျာတွေအတွက် ယူရိုသုံးသိန်း အီးယူကူညီ

မီးကြောင့် ရိုဟင်ဂျာဒုက္ခသည် ၅ဝဝဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေတယ်လို့ အီးယူ ကပြောပါတယ်။

၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ကျွမ်းပြီးနောက် မြင်ကွင်း။ PHOTO: AFP

မီးဘေးဒဏ်ခံခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ယူရိုငွေ သုံးသိန်း ကူညီထောက်ပံ့ပေးသွားမယ်လို့ ဥရောပသမဂ္ဂ(အီးယူ) က ဇန်နဝါရီလ ၁၆ ရက် ဒီကနေ့ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ မနက်အစောပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း အမှတ် ၅ မီးလောင်ကျွမ်းခဲ့တာကြောင့် အိမ်ခြေ ၉၅ဝ လောက် မီးလောင်ပြာကျသွားတာ ဖြစ်ပါတယ်။

ဒီမီးကြောင့် ရိုဟင်ဂျာဒုက္ခသည် ၅ဝဝဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေတယ်လို့ အီးယူ ကပြောပါတယ်။

နေထိုင်ဖို့ အမိုးအကာ၊ သောက်သုံးရေသန့်အပါအဝင် လတ်တလောအရေးပေါ်လိုအပ်နေတာတွေအတွက် ဒီထောက်ပံ့ငွေတွေကို သုံးသွားဖို့ရှိတယ်လို့ ဒါကာမြို့အခြေစိုက် အီးယူသံရုံးက ပြောပါတယ်။

ဗလီတွေ၊ စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေ၊ အိမ်သာ ရေချိုးဆောင်တွေ အပါအဝင် ဒုက္ခသည်တွေအတွက် ဆောက်ပေးထားတဲ့ အဆောက်အဦပေါင်း ၁၂ဝ ကျော် အဲဒီနေ့က မီးထဲပါသွားတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

မီးဘေးသင့်ရိုဟင်ဂျာတွေကိုကူညီဖို့ ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ (UNHCR)အပါအဝင် အကူအညီပေးရေးအဖွဲ့တွေနဲ့ လက်တွဲလုပ်သွားမယ်လို့ အီးယူကပြောပါတယ်။


2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org