အီးယူ မြန်မာ့သမိုင်းကြောင်းက ခါးသီးစရာ သင်ခန်းစာတွေ အီးယူ မလေ့လာသေး

မြန်မာနိုင်ငံမှာ ခေါင်းဆောင် အပြောင်းအလဲကြောင့် နိုင်ငံမှာ ဘာအပြောင်းအလဲမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဘာတီး လစ်တနာက အာရှ ဝေါစထရိ ဂျာနယ်မှာ မေလ ၁၆ နေ့စွဲနဲ့ ဆောင်းပါး တပုဒ် ရေးသားလိုက်ပါတယ်။

စစ်အစိုးရရဲ့ မျိုးဆက်သစ် ခေါင်းဆောင်တွေဟာ အရင်မျိုးဆက်ဟောင်းတွေနဲ့ အတူတူ ဖြစ်တာကြောင့် နိုင်ငံမှာ ဘာအပြောင်းအလဲမှ ဖြစ်လာမှာ မဟုတ် သလို မြန်မာနိုင်ငံရဲ့ နောက်ခံ သမိုင်းကြောင်း အခြေအနေ၊ အရှေ့အလယ်ပိုင်းမှာ ဒီကနေ့ ပေါ်ပေါက်နေတဲ့ အာဏာရှင် ဆန့်ကျင်ရေး လူထု ဆန္ဒပြ လှုပ်ရှားမှု အခြေအနေတွေကို ဥပမာပေးပြီး ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့ အရေး ကျွမ်းကျင်သူ ဆွီဒင်လူမျိုး သတင်းထောက် ဘာတီး လစ်တနာက အာရှ ဝေါစထရိ ဂျာနယ်မှာ မေလ ၁၆ ရက်၊ ဒီကနေ့ ရက်စွဲနဲ့ ဆောင်းပါး တပုဒ် ရေးသားလိုက်ပါတယ်။

မြန်မာစစ်အစိုးရဟာ နိုင်ငံကို ဆက်လက် ဦးဆောင်ဖို့ မျိုးဆက်သစ် ခေါင်းဆောင်ကို လက်လွှဲပြောင်းခဲ့ကြောင်း၊ နှစ်ပေါင်း များစွာ အုပ်ချုပ်လာတဲ့ အသက် ၇၈ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အသက် ၆၆ နှစ်အရွယ် ဦးသိန်းစိန်နဲ့ သူ့ထက်နုပျိုတဲ့ ခေါင်းဆောင်နဲ့ အစားထိုးလိုက်ပြီး ဦးသိန်းစိန်ကလည်း လွတ်လပ်ခွင့်တွေ ပေးတော့မယ့် သဘောမျိုး မိန့်ခွန်းတွေ ခြွေခဲ့တဲ့ အတွက် အထူးသဖြင့် အီးယူလို နိုင်ငံတွေက သတိနဲ့ ကြိုဆိုပြီး ပြစ်ဒဏ် ခတ်ထားတာတွေကိုတောင် နဲနဲပါးပါး လျှော့ပေးခဲ့ကြကြောင်း၊ ပြစ်ဒဏ်ခတ်မှုတွေကို လျှော့ပေးတာဟာ အတုအယောင် အပြောင်းအလဲတွေကို အသိအမှတ် ပြုရာ ရောက်သွားနိုင်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်း၊ အထူးသဖြင့် အီးယူနိုင်ငံတွေ အနေနဲ့ မြန်မာ့ သမိုင်းကြောင်းက ခါးသီးစရာ သင်ခန်းစာတွေကို မလေ့လာသေး သရွေ့ စစ်အစိုးရရဲ့ သွားမြဲ လမ်းကြောင်း အတိုင်း အားပေးမိသလိုဘဲ ဖြစ်နေကြောင်း၊ အဲဒိ အတိုင်းဆိုရင် မြန်မာပြည်သူတွေ ဆက်ပြီး ဖိနှိပ်ခံနေရဖို့ဘဲ ရှိကြောင်း ဆောင်းပါးရှင်က သုံးသပ်ပါတယ်။

ဒါ့ပြင် နိုင်ငံတကာအနေနဲ့ လက်ရှိ အခြေအနေသစ်တခုကို အကောင်း မြင်နေတာ သမိုင်းနောက်ကို ပြန်ကြည့်ဖို့ လိုအပ်ကြောင်း၊ အာဏာရှင် ဦးနေဝင်း ၁၉၆၂ ကနေ ၁၉၈၁ ခုနှစ် အထိ အုပ်ချုပ်ခဲ့စဉ်က ဦးနေဝင်း မရှိတော့ရင်တော့ အပြောင်းအလဲတွေ ဖြစ်တော့မှာဘဲလို့ မြန်မာ့ အရေး လေ့လာသူတွေက သုံးသပ် ပြောဆိုခဲ့ကြဖူးပေမယ့်၊ နောက်မျိုးဆက်သစ်တွေ အလှည့်ရောက်တဲ့အခါမှာ ဦးနေဝင်းထက်တောင် ပိုပြီး ဖိနှိပ်ခဲ့ကြတဲ့ အတွက် ဦးသိန်းစိန်တော့ဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလို မဖိနှိပ်နိုင်ဘူး၊ သူ့ထက် မဆိုးနိုင်ဘူးလို့ တပ်အပ် မပြောနိုင်ကြောင်း ဆောင်းပါးရှင် ဘာတီး လစ်တနာက သုံးသပ် ထားပါတယ်။

ဒီဆောင်းပါးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ကောက်နှုတ်တင်ပြပါလိမ့်မယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org