ထိန်းသိမ်းခံ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အင်းစိန်ထောင် ပို့ပြီ

ခေတ္တခဏ မေးမြန်းဖို့ ဆိုပြီး ခေါ်ဆောင်သွားခဲ့တဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အင်းစိန်ထောင် ပို့လိုက်ပြီး မကြာခင် ရုံးထုတ် စစ်ဆေးတော့မယ်လို့ သိရပါတယ်။

နာမည်ကျော် အင်းစိန်ထောင်ကြီး၏ ဘူးဝတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ က အာဏာပိုင်တွေ ခေါ်ဆောင်သွားခဲ့ပြီး ဆက်သွယ်လို့ မရပဲဖြစ်နေတဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အင်းစိန်ထောင်ကို ပို့လိုက်ပြီဖြစ်လို့ လာရောက် တွေ့ဆုံနိုင်ကြောင်း မေလ ၂ ရက် ဒီကနေ့ လူတယောက်က ဖုန်းဆက်ခဲ့တယ်လို့ ဦးနေမျိုးဇင်ရဲ့ ဇနီး မဇင်မျိုးက RFA ကို ပြောပါတယ်။

“ကိုနေမျိုးဇင်က ပြောခိုင်းတယ်တဲ့။ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့ကို လာတွေ့ဖို့တဲ့။ နောက်ပြီးတော့ သူလိုတဲ့ ပစ္စည်း ပစ္စယလေးတွေ မှာတယ်။ ဖုန်းက သိပ်ပြောလို့ မကောင်းဘူး။ သူတို့က အဲဒီမှာ လာတွေ့ဖို့အတွက်တဲ့ သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ ထောက်ခံစာ ယူခဲ့တဲ့။ မနက်ဖြန် အင်္ဂါနဲ့ ဗုဒ္ဓဟူးတဲ့၊ ဟိုး အင်းစိန်ထောင်၊ ၉ နာရီလောက်ဆို တွေ့လို့ ရတယ်တဲ့။ အဲလိုတော့ ပြောတယ်။

ဖုန်းဆက်သူရဲ့ ပြောဆိုချက်အရ ဦးနေမျိုးဇင်ကို ပုဒ်မ ၃၃ အီလက်ထရွန်းနစ်ဥပဒေနဲ့ ရုံးတင်နိုင်ဖွယ် ရှိကြောင်း၊ မကြာခင် ရုံးထုတ်တော့မှာ ဖြစ်တဲ့အတွက် လိုက်ပါ ဆောင်ရွက်ဖို့ ရှေ့နေရှာထားဖို့ ပြောဆိုခဲ့ကြောင်း၊ အခုလို ဖုန်းဆက်လာတာဟာ အင်းစိန်ထောင်က တရားဝင် အကြောင်းကြားတဲ့ ပုံစံမျိုး မဟုတ်ပေမဲ့၊ ဖုန်းဆက်သူဟာ အကျဉ်း ဦးစီးဌာနက ဝန်ထမ်းတဦး ဖြစ်နိုင်ကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

မဇင်မျိုးရဲ့ ပြောဆိုချက်အရ ဦးနေမျိုးဇင်ကို အာဏာပိုင်တွေ ခေါ်ဆောင်သွားပြီး အိမ်မှာရှိတဲ့ ကွန်ပျူတာတွေကို စစ်ဆေးခဲ့ကြတဲ့အခါ ဘာမှ ထူးထူးခြားခြားမတွေ့ရှိကြောင်း လာရောက်ရှာဖွေသူတွေက ပြောတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဦးနေမျိုးဇင်ရဲ့ လက်ပ်တော့ ကွန်ပျူတာကိုတော့ ခဏဆိုပြီး ယူဆောင်သွားခဲ့ရာမှာ ခုချိန်အထိ ပြန်မရသေးကြောင်း ပြောပါတယ်။

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ဟာ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူ ဖြစ်ပြီး NLD လူငယ်တွေ ဆောင်ရွက်နေတဲ့ BG ခေါ် သွေးလှူဒါန်း ရေးအဖွဲ့မှာ ပါဝင် ဆောင်ရွက်နေသူတဦး ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org