သမ္မတနှင့်ဒေါ်အောင်ဆန်းစုကြည် ထံ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ တောင်းဆိုစာပေးပို့
မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင် ၄၀ ကျော်မှာ ကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသား သုံးရာကျော်ကို အမြန်ဆုံး လွှတ်ပေးရေး၊ ကျန်ရှိနေသေးတဲ့ ပြည်ပရောက် ဒီမိုကရေစီ အင်အားစုတွေ ပြည်တွင်းကို သိက္ခာရှိရှိ လုံလုံခြုံခြုံ မြန်မာနိုင်ငံကို ပြန်လာနိုင်ရေး တောင်းဆိုထားတဲ့ စာတစ်စောင်ကို သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဒီကနေ့ မနက်က ပေးပို့လိုက်ကြောင်း ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ပြောကြားပါတယ်။
-
2012-09-11 -
-
-
ဒီစာရေးသားလိုက်တဲ့အတွက် မကြာမီ အမေရိကန် ပြည်ထောင်စုကို သွားရောက်တော့မယ် သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ခရီးစဉ်တွေ မတိုင်ခင်မှာ အပြုသဘောဆောင်တဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့ မျှော်လင့်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ကော်မတီက ကိုဘိုဘိုဦးက RFA ကိုပြောပါတယ်။
ဒီကနေ့ သတင်းစာရှင်းလင်းပွဲကို နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဖြစ်ကြတဲ့ ဦးဘိုဘိုဦး၊ ဦးကျော်ထွေး၊ ဦးဘမျိုးသိန်း၊ ဦးတိုးကျော်လှိုင်နဲ့ ဦးထွန်းကြည်တို့က ဦးဆောင် ကျင်းပခဲ့တာဖြစ်ပြီး လက်ရှိအကျဉ်းကျခံနေရဆဲ နိုင်ငံရေး အကျဉ်းသား တချို့ရဲ့ မိသားစုဝင်တွေလည်း တက်ရောက်ကြပါတယ်။
နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ရဲ့ အဆိုအရ အကျဉ်းကျနေဆဲ နိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာ (၃၀၃) ဦးရှိပြီး မန္တလေးထောင်၊ အင်းစိန်ထောင်၊ တောင်ငူထောင်၊ သာယာဝတီထောင်၊ တောင်ကြီးထောင်၊ မြင်းခြံထောင်၊
မြစ်ကြီးနားထောင်စတဲ့ နိုင်ငံတဝှမ်းက ထောင်ပေါင်း (၄၂) ထောင်မှာ အကျဉ်းကျ နေကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။