ဒေါ်အောင်ဆန်းစုကြည်၏ လက်မှတ်ဖြင့်စာ အစစ်မဟုတ်ကြောင်း NLD ငြင်းဆို

ဧရာဝတီသို့ အိတ်ဖွင့်ပေးစာ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်နဲ့ အင်တာနက် အီးမေးလ်တွေကတဆင့် ဖြန့်ဝေနေတဲ့ စာဟာ၊ အစစ်မဟုတ် အတုဖြစ်တယ်လို့ NLD က ဒီကနေ့ မတ်လ ၂၉ ရက်မှာ ငြင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို စာနယ်ဇင်းသမားများ မေးမြန်းနေပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းဌာန အပေါ် ဝေဖန် ပြောဆိုထားတဲ့ ဟန်မျိုး ရေးသားပြီး မတ်လ ၁၃ ရက်နေ့စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် ထိုးမြဲလက်မှတ်နဲ့ စာတစောင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေထဲမှာ အီးမေးလ်တွေကနေတဆင့် ပြည်တွင်း ပြည်ပ မြန်မာတွေကြားမှာ ပျံ့နှံ့ ခဲ့ပါတယ်။

ဒါ့အပြင် အဲဒီစာကို ရန်ကုန်မြို့အခြေစိုက် NLD ရုံးချုပ်ကနေ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာသတင်းသမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ ဦးဇင်လင်းကနေတဆင့် ဖြန့်ဝေပေးဖို့ ရေးသားပေးပို့တဲ့ဟန်နဲ့ ဖြန့်ဝေနေတာပါ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်အစိုးရက တရားဝင် ရပ်တည်ခွင့်မပြုတော့ပေမဲ့ ဆက်လက် ရပ်တည်နေသလို လူထုအကျိုးပြု လုပ်ငန်းတွေနဲ့ ဒီမိုကရေစီရေးကို ဆက်လက်ဆောင်ရွက်နေတဲ့ အတွက် အဖက်ဖက်ကနေ ထိုးနှက်လာနိုင်တဲ့အခြေအနေပေါ်မှာလည်း မျက်ခြေမပြတ်ဘူးလို့ ဆိုပါတယ်။

ဒီမိုကရေစီနဲ့ စည်းလုံးညီညွတ်ရေးကို ထိခိုက်စေမဲ့ NLD နဲ့ ပြည်သူလူထုအကြား၊ သတင်းဌာနတွေအကြားမှာ ထင်ယောင်ထင်မှားဖြစ်အောင် နှောင့်ယှက်မှုတွေ တွေ့ရှိခဲ့လာရင် NLD သတင်းနဲ့ ပြန်ကြားရေးကို တရားဝင် မေးမြန်းနိုင်ကြသလို၊ ပြန်ကြားရေးဌာနကလည်း အမှန်အတိုင်း ဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org