ဖလမ်းမြို့မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ

ဖလမ်းမြို့မှာ အောက်တိုဘာ ၂၅ ရက်ကစပြီး အောက်တိုဘာ ၂၇ ရက်နေ့အထိ စစ်တပ်နဲ့ CNDF တို့ သုံးရက်ဆက်တိုက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပါတယ်။

ဖလမ်းမြို့တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့က စစ်ကောင်စီလက်နက်ကြီးကြောင့် ပျက်စီးသွားသည့် နေအိမ်ကို တွေ့ရစဉ်။ Citizen Photo

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ အောက်တိုဘာ ၂၅ ရက်ကစပြီး ဒီနေ့ အောက်တိုဘာ ၂၇ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ သုံးရက်ဆက်တိုက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အောက်တိုဘာ ၂၅ ရက်နေ့မှာ ဖလမ်းမြို့က အမျိုးသား နှစ်ဦး၊ အောက်တိုဘာ ၂၆ ရက်နေ့က တောင်ယာမှာ အလုပ်လုပ်နေတဲ့အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး အရေအတွက် အတိအကျ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖလမ်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မြို့ထဲမှာ တိုက်ပွဲ စတော့မယ်ဆိုတာ သတင်းတွေ ထွက်လာတာတော့ ကြာပြီ။ အခု ဒုတိယအကြိမ် ထွက်ပြေးကြတာပေါ့၊ မြို့ထဲမှာ သုံးပုံတစ်ပုံပဲကျန်တော့တယ်။ တိုက်ပွဲက မြို့ရဲ့ အောက်ဘက်ပိုင်းမှာ ဖြစ်တာ"

CNDF ရဲ့ ပြောခွင့်ရသူ ဆလိုင်းတင်မီထွဋ် ကတော့ ဖလမ်းမြို့မှာ ဒီနေ့ အောက်တိုဘာ ၂၇ ရက်နေ့မှာလည်း စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ RFA ကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ဖလမ်းမြို့နဲ့ ခြောက်မိုင်အကွာ လိမ်ဆိန် (Relsing) ရွာ စာသင်ကျောင်းနဲ့ ဘောလုံးကွင်းအနီးကို အောက်တိုဘာလ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး ကလေး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org