ဒီပဲယင်းမှာ မိသားစုလိုက် အသတ်ခံရမှု စစ်ကောင်စီစွပ်စွဲချက် မှားနေကြောင်း PDF ပြော
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် သာယာအေးရွာမှာ နိုဝင်ဘာ ၂၃ ရက်က နေ့စေ့လစေ့ ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် မိသားစုဝင် ငါးယောက် သတ်ခံခဲ့ရတာဟာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ရဲ့ လက်ချက်ဆိုပြီး စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ မှားနေတယ်လို့ PDF တွေက ပြောပါတယ်။
- 2021-11-27
-
-
-
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် သာယာအေးရွာမှာ နိုဝင်ဘာ ၂၃ ရက်က နေ့စေ့လစေ့ ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် မိသားစုဝင် ငါးယောက် သတ်ခံခဲ့ရတာဟာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ရဲ့ လက်ချက်ဆိုပြီး စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ မှားနေတယ်လို့ PDF တွေက ပြောပါတယ်။
စစ်ကောင်စီက တစ်နိုင်ငံလုံးမှာဖြစ်နေတဲ့ ပြဿနာတွေကို PDF တွေလုပ်တယ်ဆိုပြီး ပြည်သူတွေနဲ့ PDF ကြား ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်နေတာလို့ ဒီပဲယင်းမြို့နယ် ဂဠုန်တပ်တော်ရဲ့ အဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။
“အခုကိစ္စက ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ မဆိုင်ပါဘူး။ ဓားပြတိုက်တဲ့ပုံစံပါ။ ပစ္စည်းတွေလည်း ယူသွားတယ်။ စစ်ကောင်စီက တစ်နိုင်ငံလုံးက ပြဿနာတွေကို PDF တွေ လုပ်တယ်ဆိုပြီး ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်နေတာ။ ဒေသခံအဖွဲ့တွေအနေနဲ့ ဒီကိစ္စကို စုံစမ်းနေတယ်“
စစ်ကိုင်းတိုင်းထဲက PDF တပ်ဖွဲ့ဝင်တွေဟာ သူတို့နဲ့ ခံယူချက်ခြင်း မတူတော့တဲ့သူတွေ၊ အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေနဲ့ ငွေကြေးထောက်ပံ့နေသူတွေကို သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီက နိုဝင်ဘာ ၂၅ ရက်နေ့က သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။
အဲဒီမိသားစုဝင် ငါးယောက်တို့ဟာ နိုဝင်ဘာ ၂၃ ရက် မနက် သုံးနာရီလောက်မှာ သတ်ဖြတ်ခံရတာဖြစ်ပြီး ငွေကျပ် သိန်းတစ်ရာခန့်လည်း ပျောက်ဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီမိသားစုလိုက် သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။
စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေထဲမှာ စစ်ကောင်စီနဲ့ ဒေသခံအလိုက် PDF တပ်ဖွဲ့ဝင်တို့ မြို့နယ်အသီးသီး တို့မှာ တိုက်ခိုက်နေကြပြီး တချို့လည်း ရွာလုံးကျွတ် တိမ်းရှောင်နေရသူတွေရှိနေလို့ အုပ်ချုပ်ရေးပိုင်း အားနည်းနေတဲ့ဒေသလည်း ဖြစ်နေပါတယ်။