တောင်ကုတ် NLD အမတ်လောင်းတွေရဲ့ အသက်အန္တရာယ် မိသားစုဝင်တွေစိုးရိမ်
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က NLD ကိုယ်စားလှယ်လောင်းတွေကို ဖမ်းထားတာ ၁ ရက်ကျော်ကြာလာပြီဖြစ်ပေမယ့် ဘာသတင်းမှ မကြားသေးတာကြောင့် ကိုယ်စားလှယ်လောင်းတွေရဲ့ အသက်အန္တရာယ်ကို မိသားစုတွေက စိုးရိမ်နေကြပါတယ်။
-
စောဖိုးခွား
2020-10-15 -
-
-
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က NLD ကိုယ်စားလှယ်လောင်းတွေကို ဖမ်းထားတာ ၁ ရက်ကျော်ကြာလာပြီဖြစ်ပေမယ့် ဘာသတင်းမှမကြားသေးတာကြောင့် ကိုယ်စားလှယ်လောင်းတွေရဲ့ အသက်အန္တရာယ်ကို မိသားစုတွေက စိုးရိမ်နေကြပါတယ်။
အဖမ်းမခံရဘဲ လွတ်လာသူတွေက AA ဘက်က ဖမ်းသွားတာလို့ပြောပေမယ့် ရခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူကတော့ ဒီကိစ္စကို ဘာသတင်းမှ မရသေးဘူးလို့ပြောပါတယ်။
တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်နီနီမေမြင့်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော နဲ့ ပြည်နယ်လွှတ်တော် အတွက် ယှဉ်ပြိုင်မယ့် ဦးမင်းအောင်တို့ သုံးဦးကို မဲဆွယ်သွားနေတုန်း တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာမှာ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးသွားတာပါ။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောရဲ့ မိခင်ဖြစ်သူ ဒေါ် မယ်သီက သမီးဖြစ်သူရဲ့ အသက်အန္တရာယ်စိုးရိမ်နေတယ်လို့ RFA ကိုပြောပါတယ်။
"အမေကြီးက သမီးပဲအားကိုးရတယ်လေ။ အားကိုးရပြီး သူလုပ်ချင်တာကို ခွင့်ပြုထားတာ။ အခုလို အခက်အခဲဖြစ်လာတော့လည်း အားကိုးစရာမရှိဘူးပေါ့။ လူကြီး သူကြီးတွေကိုလည်း အန်တီတောင်းပန်ပါတယ်။ ပါတီက သမီးနဲ့ ကလေးနှစ်ယောက်ကိုလည်း အမြန်ဆုံးလွတ်စေချင်တယ်။ အခုဖမ်းဆီးသွားတဲ့ အဖွဲ့က ကလေးတွေကိုလည်း တောင်းပန်ပါတယ်။ ညီအကိုမောင်နှမတွေလို သဘောထားပြီး ဒီကလေးတွေကို အမြန်ဆုံးပြန်လွှတ်ပေးပါလို့ တောင်းပန်ချင်ပါတယ်"
ဒေါ်နီနီမေမြင့်ရဲ့ခင်ပွန်း ဖြစ်သူ ကိုလင်းနိုင်ကတော့ ဇနီးရဲ့ သတင်း ခုထိဘာမှ မသိရသေးတာကြောင့် စိုးရိမ်နေတယ်လို့ပြောပါတယ်။
"လက်ရှိအခြေအနေမှာ ကျနော်တို့က ဘယ်အဖွဲ့အစည်းက ဖမ်းထားတယ်ဆိုပြီး တရားဝန်ထုတ်ပြန်တာလည်းမရှိဘူး။ သတင်းအစအနပျောက်နေတယ်။ ရှေးအဆက်ဆက်ကလည်း နိုင်ငံရေးသမားတွေ ပျောက်နေတဲ့အချိန် သတင်းအစအန မရတဲ့အချိန်မှာ ညှင်းပန်းနှိပ်စက်တာတွေ လုပ်တတ်တယ်လေ။ ကျနော်တို့က အဲ့ဒါတွေ အဓိကစိုးရိမ်တာပါ"
ပြည်နယ်လွှတ်တော်အတွက် ယှဉ်ပြိုင်မယ့် ဦးမင်းအောင်ရဲ့ ဇနီးဖြစ်သူ ဒေါ်မြတ်ဝတ်ရည်ကတော့ နေထိုင်မကောင်းတာကြောင့် RFA ကို ဖြေဆိုနိုင်ခြင်းမရှိပါဘူး။
ဒီကိုယ်စားလှယ်လောင်းတွေ အဖမ်းခံရတဲ့စဉ် အတူရှိနေတဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းရဲ့ ကိုယ်စားလှယ်နဲ့ NLD ပါတီဝန်းရံသူတွေဖြစ်တဲ့ မအေးအေးနိုင်၊ ကိုသန့်ဇင်ဖြိုးတို့ သုံးဦး ပြန်လွတ်လာပါတယ်။ ပြန်လွတ်လာတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မချစ်ချစ်ချောရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ကိုယ်စားလှယ်လောင်း မအေးအေးနိုင် ကလည်း သူတို့သုံးယောက်လုံးကို အမြန်ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။
"ကျမတို့လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက်ပဲ လုပ်ဆောင်နေကြတာပါ၊ လူမျိုးရေး ဘာရေး ညာရေး မရှိပါဘူး။ ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေက ငြိမ်းချမ်းရေးနည်းလမ်းအတိုင်းပဲ သွားနေတာ။ ကျမတို့က သူတို့ကို ရန်ပြုလိုစိတ်၊ မုန်းတီးတဲ့စိတ်မရှိပါဘူး။ အဲ့ဒီတော့ ကိုယ်စားလှယ်တွေ အေးအေးချမ်းချမ်းပဲ ပြန်လွတ်မယ်လို့ ယူဆပါတယ်"
ပြန်လွတ်လာတဲ့သူတွေကို မနေ့က တောင်ကုတ်မြို့နယ် ရဲစခန်းမှာ ရဲစစ်ချက်ရယူခဲ့ပါတယ်။ တောင်ကုတ်မြို့ နယ် ရဲစခန်းမှူးကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ အစည်းအဝေးတက်နေလို့ဆိုပြီး ဖြေဖို့ ငြင်းဆန်ပါတယ်။
ပြန်လွတ်လာသူတွေထဲက တစ်ဦးဖြစ်တဲ့ ကိုသန့်ဇင်ဖြိုးကတော့ ....
"ကျနော်တို့ ပြောချင်တာ တပ်မတော်က လုံးဝမဖြစ်နိုင်ဘူး။ လုံးဝလုံးဝ မဖြစ်နိုင်ဘူး။ သူတို့ရဲ့ပုံစံအနေအထား၊ ပြောဆိုပုံစကားတွေ၊ လေသံတွေ၊ ဒေသိယစကားတွေကို ကြည့်ရင် တပ်မတော်က လုံးဝမဟုတ်ပါဘူး။ ကျနော်တို့အားလုံး ရခိုင် AA လက်နက်ကိုင်အဖွဲ့လို့ပဲ ထင်တယ်။ စွပ်စွဲချင်တယ်"
AA ရခိုင့်တပ်တော် ပြောခွင့်ရသူ ခိုင်သုခကတော့ ဒီကိစ္စကို လုံးဝမသိသေးကြောင်း RFA က မနေ့ကရော ဒီနေ့ရော မေးမြန်းရာမှာဖြေဆိုပါတယ်။
တောင်ကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က လက်နက်ကိုင်အဖွဲ့ဘက်က ဆက်သွယ်လာမယ့် အချိန်ကို စောင့်နေတယ်လို့ဆိုပါတယ်။
"ဆက်သွယ်လာမလားလို့ ကျနော်တို့လည်း နားစွင့်နေတာ။ ဘယ်သူအကြောင်းကြားလာမလဲလို့ စောင့်နေတာ။ ခုထိတော့ ဘာမှမထူးသေးပါဘူး"
ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ပေမဲ့ ဒီနေ့ညနေ ၅ နာရီခွဲအထိ ဖုန်းမကိုင်ပါဘူး။
ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အရေးပေါ် သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းဖို့ ကြိုးစားပေမယ့် ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဒီကိစ္စကို မပြောဖို့ နိုင်ငံတော်အကြီးအကဲတွေက မှာထားတယ်လို့ တုံ့ပြန်ပါတယ်။