လက်ပန်းတောင်းသပိတ်မှာ ဒဏ်ရာရ သူများကို နယ်ပယ်အသီသီး က ခေါင်းဆောင်များ တွေ့ဆုံအားပေး

မြန်မာအစိုးရ ရဲတပ်ဖွဲ့တွေရဲ့ လက်ပန်းတောင်း သပိတ်ဖြိုခွဲမှုမှာ ဒဏ်ရာရပြီး မုံရွာဆေးရုံမှာ ကုသခံနေရတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေကို သီတဂူဆရာတော် အရှင် ဉာဏိဿရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူတို့ သွားရောက်တွေ့ဆုံအားပေးပြီး သူတို့လိုအပ်မယ့်ဆေးဝါးနဲ့ ပစ္စည်းတွေအတွက် အကူအညီပေးခဲ့ကြတယ်လို့ သိရပါတယ်။

လက်ပန်းတောင်းသပိတ် ဖြိုခွင်းရာမှ ဒဏ်ရာရတဲ့ သံဃာများရှိရာ မုံရွာပြည်သူ့ဆေးရုံကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှုနေစဉ် Photo: RFA/NLD Facebook

ဆရာတော်အရှင်ဉာဏိဿရက မုံရွာမြို့ လက်ပန်တောင်းတောင်ကာကွယ်ရေး ကော်မတီကနေတဆင့် ကျပ်ငွေ ၂၅ သိန်း လှူဒါန်းတယ်လို့ ကော်မတီဝင်တွေကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒဏ်ရာရသံဃာတော်တွေကို အားပေးစကားပြောပြီး သူ့အနေနဲ့ အတတ်နိုင်ဆုံးကူညီမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကလဲ သူတို့ကိုကူညီဖို့ ရန်ကုန်ကနေထွက်ခွါသွားပြီလို့ သိရပါတယ်။

ဒဏ်ရာရသူတွေက သံဃာတော် ၂၈ပါးနဲ့ ဝက်မှေးရွာသား ကိုကျော်စွာ တို့ဖြစ်ပါတယ်။ အခုချိန်ထိ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားသူတွေက ဆရာတော် အရှင်စန္ဒောဘာသနဲ့ ကိုရင် အရှင်သုဇန ဖြစ်ပါတယ်။ အရှင်စန္ဒောဘာသဟာ ဘယ်ဖက်မျက်လုံးထိထားပြီး ခန္ဓာကိုယ်မှာလဲ နေရာအနှံ့မီးလောင်ခံထားရလို့ ခွဲစိပ်ကုသမှုခံထားရပါတယ်။ အရှင်သုဇနကတော့ ခါးအောက်ပိုင်းတခုလုံး မီးလောင်ခံထားရပါတယ်။ လက်ရှိအခြေအနေမှာ အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့တဲ့အကြောင်း ဒဏ်ရာရသူတွေကို ကူညီနေတဲ့ မုံရွာမြို့ခံတွေကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org