လယ်သမားတွေကို သင့်တော်တဲ့ လျော်ကြေးပေး ခဲ့ကြောင်း ဒုတိယဝန်ကြီး ဦးရဲထွဋ် ပြောကြား
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ သတင်းစာတိုက်တွေနဲ့ ပုံနှိပ်စက်ရုံတွေ အတွက်ဆိုပြီး သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေအတွက် ပြန်ကြားရေး ဝန်ကြီးဌာနက သင့်တော်တဲ့ လျော်ကြေးတွေပေး ခဲ့ကြောင်း ပြန်ကြားရေးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က အာဖက်အေကို ပြောကြားလိုက်ပါတယ်။
-
2013-09-29 -
-
-
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ သတင်းစာတိုက်တွေနဲ့ ပုံနှိပ်စက်ရုံတွေ အတွက်ဆိုပြီး သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေအတွက် ပြန်ကြားရေးဝန်ကြီးဌာနက သင့်တော်တဲ့ လျော်ကြေးတွေပေးခဲ့ကြောင်း ပြန်ကြားရေးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က အာဖက်အေကို ပြောကြားလိုက်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနကပေးတဲ့ဲ လျှော်ကြေးဟာ ကာလပေါက်ဈေးထက် သိပ်ပြီးနည်းပါးလွန်းတဲ့အတွက် ဝဲကြီးကျေးရွာ လယ်သမားတွေက မကြေနပ်ကြဖူးလို့ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်ရဲ့ ကိုယ်ရေးအရာရှိ ဦးခင်မောင်တင့်က အာဖက်အေကို ၂၈ ရက်နေ့မနက်က ပြောဆိုခဲ့ပါတယ်။
" ကာလဒေသပေါက်ဈေးမဟုတ်ပဲနဲ့ တစ်ဧကကို ၂ သိန်းခွဲနှုန်းနဲ့ ပေးတော့ တောင်သူတွေက မယူတော့ပဲနဲ့ သူတို့လယ်ယာမြေတွေထဲကို ပြန်ဝင်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်ကြတာဗျ၊ နိုင်ငံတော် သမ္မတခြံနဲ့ ဘေးခြင်းကပ်ကိုပဲ တစ်ဧကကို ကားလမ်းနဲ့ နီးတဲ့နေရာကို သိန်း ၂၀၊ ကားလမ်းတဲ့ နည်းနည်းလှမ်းတဲ့ နေရာကို ၁၀ သိန်းနှုန်းနဲ့ လွန်ခဲ့တဲ့လ ၂၈ ရက်နေ့က လျှော်ကြေးပေးသွားတာဗျ"
အဲဒီလို နိုင်ငံတော်သမ္မတဦးသိန်းစိန်က တဧကကို သိန်း ၂ဝ အထိပေးတဲ့လယ်မြေတွေနဲ့ တဆက်တည်း ဖြစ်ပါလျှက်နဲ့ ပြန်ကြားရေးက ၂ သိန်းခွဲနှုန်းပဲ ပေးတယ်ဆိုတာ ဟုတ်ပါသလားလို့ RFA က မေးမြန်းခဲ့ရာမှာ ဒုတိယဝန်ကြီး ဦးရဲထွဋ်က “ သမ္မတကြီးပေးတဲ့လယ်က ရာဇဌာနီလမ်းဘေးက စပါးစိုက်တဲ့လယ်မြေတွေဖြစ်ပြီး အခုမိမိတို့ လျှော်ကြေးပေးတဲ့မြေများက ယာမြေ၊ ကြံစိုက်မြေဖြစ်ပါတယ်၊ ရာဇဌာနီလမ်းနဲ့ ဆယ်မိုင်လောက် ဝေးတဲ့ မိုးကောင်းသောက်မြေများဖြစ်ပါတယ်၊ ဒါ့အပြင် အဲဒီကျေးရွာသားတွေဟာ စာရင်းပေါက်သူများ မဟုတ်ပါဘူး၊ နိုင်ငံပိုင် မြေလွတ်မြေရိုင်းတွေမှာ ကျူးကျော်စိုက်ပျိုးခဲ့ကြတဲ့အတွက် ၁၉၉၅-၉၆ ခုနှစ်မှာ အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနက သူတို့ကို ဖယ်ရှားပြီး ယူကလစ်ပင်များ စိုက်ခဲ့ရာမှာ အခု ၁၅ ပေကျော်အပင်များရှိနေပါပြီ၊ အစိုးရသစ်လက်ထက်မှာ ၉၆ မတိုင်မှီက ကြံစိုက်ခဲ့တဲ့ အထောက်အထားနဲ့ ထပ်မံ လျှော်ကြေး ပေးခဲ့တာပါ၊ မူလ လျှော်ကြေးပေးစဉ်က လယ်မြေနဲ့ ယာမြေ အထောက်အထားပြနိုင်သူတွေကိုပဲ လျှော်ကြေးပေးခဲ့ပေမယ့် အခုတော့ စာနာမှုအရ အရင်လူတွေရခဲ့တဲ့ နှုန်းအတိုင်းပြန်လည်ပြီး လျှော်ကြေး ပေးခဲ့တာ ဖြစ်ပါတယ်” လို့ ၂၈ ရက်နေ့မှာပဲ RFA ကို အင်တာနက်ကနေ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ညက ဝဲကြီးရွာမှာ ဒေသခံရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး တရားစွဲခံထားရတဲ့ ဝဲကြီးရွာသား ၁ဝ ဦးက ရဲစခန်းမှာ မနေ့က သွားရောက် အဖမ်းခံခဲ့ကြတဲ့အတွက် ဥတ္တရသီရိမြို့နယ် ရဲစခန်းမှာ သူတို့ကို အခု ဖမ်းဆီးထားတယ်လို့ သိရပါတယ်။