လယ်သမားတွေရဲ့ ထွန်တုံးတိုက်ပွဲ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် အတွင်းမှာရှိတဲ့ ဝမ်းတွင်း၊ သာစည်၊ မလှိုင်၊ မိတ္ထီလာစတဲ့ လေးမြို့နယ်အတွင်း လယ်ယာမြေ သိမ်းယူခံထားရတဲ့ လယ်သမားတွေက သူတို့ရဲ့ လယ်မြေတွေပေါ်မှာ ပြန်လည် လုပ်ကိုင်ခွင့်ရရှိရေးအတွက် လှုပ်ရှားမှုတစ်ခုကို ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုကို "ထွန်တုံးတိုက်ပွဲ" လို့ အမည်ပေးထားပြီး လယ်သမားတွေက သူတို့ ပိုင်ဆိုင်ခဲ့ဖူးတဲ့ လယ်ယာမြေတွေပေါ်မှာ သွားရောက် ထွန်ယက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုမှာ သာစည်မြို့ အရှေ့ဘက် ကျွဲတပ်ဆုံရွာမှာ လယ်ဧက ၄၀ အသိမ်းခံထားရတဲ့ လယ်သမား ဦးရဲတင့်လည်း ပါဝင်ပါတယ်။ သူတို့လယ်ကို ဒေသခံ တောခေါင်းက ၁၉၉၂ ခုနှစ်မှာ သိမ်းပြီး ဘောစကိုင်းပင်တွေ စိုက်ထားတဲ့အတွက် အဲဒီအပင်တွေကို ဒီနေ့ ခုတ်ထွင်ပြီး ထွန်ယက်တဲ့အကြောင်း RFA ကို ပြောပါတယ်။

"၉၂ ခုနှစ်က သိမ်းသွားပြီးတော့ သူတို့အဲတာနဲ့ စီးပွားရှာပြီးတော့ စိုက်ထားတဲ့ ဘောစကိုင်းတောတွေ ထွန်တာပေါ့နော၊ ဒီနေ့ ကွန်ယက်အဖွဲ့နဲ့ ပူးပေါင်းပြီး ပြန်ထွန်မယ်၊ ပြုမယ်ဆိုပြီး ဒီလိုထွန်တာ"

လယ်သမား အများစုဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က စလို့ လယ်မြေတွေ အသိမ်းခံခဲ့ရတာ ဖြစ်ပြီး အဲဒီလယ်တွေ ပြန်ရဖို့ အာဏာပိုင် အဆင့်ဆင့်ကို တင်ပြခဲ့ပေမယ့် ဆောင်ရွက် မပေးတဲ့အတွက် ထွန်တုံးတိုက်ပွဲ ဆင်နွဲတာလို့ လယ်သမားတွေက ပြောပါတယ်။

ဒီကနေ့ လှုပ်ရှားမှုကို ရဲတွေက အနီးကပ် စောင့်ကြည့်ခဲ့ကြပြီး မလှိုင်မြို့နယ် အတွင်းမှာတော့ တောင်သူလယ်သမားတွေနဲ့ အာဏာပိုင်တွေအကြား တင်းမာမှု အနည်းငယ် ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org