တောင်သူလယ်သမားတွေ ကြိုတင်ဝင်ငွေခွန် မပေးရ
လယ်ယာထွက်ကုန်ပစ္စည်းတွေကို ရောင်း ချရာမှာ ငွေကျပ် ၅ သိန်း ထက်ကျော်လွန် ရင် ကြိုတင်ဝင်ငွေခွန်အဖြစ် ၂ ရာ ခိုင်နှုန်း ပေးဆောင် ရမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေ တာ မဟုတ်ကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် တွင်းအခွန်များ ဦးစီးဌာနက ပြောပါတယ်။
-
2017-06-01 -
-
-
လယ်ယာထွက်ကုန်ပစ္စည်းတွေကို ရောင်းချရာမှာ ငွေကျပ် ၅ သိန်းထက်ကျော်လွန်ရင် ကြိုတင်ဝင်ငွေခွန်အဖြစ် ၂ ရာခိုင်နှုန်း ပေးဆောင်ရမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာ မဟုတ်ကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာနက ပြောပါတယ်။
တောင်သူလယ်သမားတွေနဲ့ စိုက်ပျိုးရေးလုပ်သူတွေရဲ့ ဝင်ငွေတွေဟာ စည်းကြပ်ထိုက်တဲ့ ဝင်ငွေမရှိတဲ့အတွက် အဲဒီလုပ်ငန်းတွေကို အခွန်မကောက်ဖို့ ညွှန်ကြားထားတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောပါတယ်။
"တောင်သူလယ်သမားတွေ၊ တချို့ လယ်ယာစိုက်ပျိုးရေးလုပ်တဲ့ တောင်သူဦးကြီးတွေဟာဆိုရင် သူတို့ရဲ့ ဝင်ငွေတွေဟာ စည်းကြပ်ထိုက်တဲ့ ဝင်ငွေမရှိတဲ့အတွက် အခွန်မကျရခြင်းဖြစ်ပါတယ်၊ အဲအတွက်ကြောင့် ဒီလုပ်ငန်းတွေကို မဖြတ်တောက်ဖို့ဆိုပြီး ကျနော်တို့ ညွှန်ကြားထားပါတယ်"
ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က ထုတ်ပြန်တဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အမိန့်ကြေညာစာမှာ ပါဝင်တဲ့ အချက်တွေဟာ အခွန်ကောက်ခံရမယ့်သူတွေ အားလုံးကို လွှမ်းခြုံထားတာသာဖြစ်တာကြောင့် အခွန်စည်းကြပ် မထိုက်သူတွေဆီက အခွန်မကောက်မိအောင် သီးသန့်ထပ်မံညွှန်ကြားထားတာလို့လည်း ဦးမင်းထွဋ်က ပြော ပါတယ်။
လယ်ယာလုပ်ငန်း လုပ်ကိုင်သူတွေဆီကနေ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံမယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာကြောင့် အခွန်စနစ်ကို ဝေဖန်သူတွေ ရှိနေတာဖြစ်ပါတယ်။
စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ တောင်သူလယ်သမား တစ်ဦးချင်းအတွက်သာ အခွန်မကောက်တာဖြစ်ပြီး စိုက်ပျိုး သီးနှံတွေကို ရောင်းဝယ်တဲ့လုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေအနေနဲ့တော့ အခွန်ပေးဆောင်ရမှာ ဖြစ် တယ်လို့လည်း ဦးမင်းထွဋ်က ပြောပါတယ်။