ရေနုတ်မြောင်း ပြန်ဖွင့်ရေး ပဲခူးလယ်သမားများ NLD ကို အကူအညီတောင်း

ပဲခူးတိုင်း အနောက်ခြမ်း မင်းလှမြို့နယ်က ပန်းစံပြည်တော်သာ ရေနုတ်မြောင်း ပြန်ဖွင့်ရေးကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံ လယ်သမားတွေနဲ့ ပဲခူးတိုင်း လူငယ်ကွန်ရက်အဖွဲ့ဝင်တချို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ထံ မတ်လ ၉ ရက် မနေ့က သွားရောက် အကူအညီ တောင်းခံခဲ့ကြောင်း သိရပါတယ်။

လယ်သမားတဦး ကွဲျတရှဉ်းဖြင့် လယ်ထွန်နေပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

လက်ပံတန်းနဲ့ မင်းလှမြို့နယ် ကျေးရွာအတော်များများက ပျက်စီးနေတဲ့ လယ်ယာမြေတွေဟာ ဒီရေနုတ်မြောင်း ဖွင့်လိုက်တဲ့အတွက် ပြန်လည်ပြုပြင် စိုက်ပျိုးနိုင်မှာ ဖြစ်တာကြောင့် အခုလို သွားရောက် အကူအညီ တောင်းခံရတာ ဖြစ်ကြောင်းနဲ့ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က သူတို့ကို လက်ခံတွေ့ဆုံခဲ့ကြောင်း အကူအညီ တောင်းခံရာမှာ ပါဝင်တဲ့ လယ်သမားတဦးက ပြောပါတယ်။

“ဆည်မြောင်းအရာရှိကနေပြီးတော့ ဝင်ပြီးတော့ ကန်တူးထားတော့ ကျွန်တော်တို့ လယ်တွေက ပျက်သွားတယ်။ ပြုလို့ ပြင်လို့ မရတော့ဘူး။ အဲဒီတော့ အဲဒီ ပန်းစံ ပြည်တော်သာချောင်းကို ဖွင့်ပေးလိုက်လို့ ရှိရင်၊ အဲဒီ ပျက်စီးခြင်းခံရတဲ့ လယ်တွေကိုလည်း ပြုပြင်လို့ ရသလို လယ်မြေ အသစ်တွေလည်းပဲ အများကြီး ပေါ်လာမယ်၊ လယ်မြေကောင်းတွေလည်း အများကြီး ပေါ်လာမဲ့ အတွက်ကြောင့် ဒါ ကျွန်တော်တို့ ပြောဆိုတာပါခင်ဗျ။”

ဒီရေနုတ်မြောင်း ပြန်ဖွင့်ရေးနဲ့ ပတ်သက်ပြီး ဒေသခံ လယ်သမားတွေက သက်ဆိုင်ရာကို အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့ ဘာမှ အကြောင်းမထူးတဲ့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို သွားရောက် အကူအညီ တောင်းခံခဲ့တာ ဖြစ်ကြောင်းလည်း အဲဒီလယ်သမားကပဲ ပြောပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က အဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့ ဒေသခံ လယ်သမားတွေ တွေ့ဆုံနိုင်ဖို့ စီစဉ် ဆောင်ရွက်ပေးမဲ့အကြောင်း ပြန်လည် ပြောကြားတယ်လို့ ဆိုပါတယ်။

ဒီလယ်သမားတွေနဲ့အတူ ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌဟောင်း ဦးသိန်းဌေး၊ ပဲခူးတိုင်း အတွင်းရေးမှူး ဦးကျော်သန်း ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အောက်မြန်မာပြည် လူငယ်တာဝန်ခံဟောင်း ကိုခင်ထွန်းနဲ့ ပဲခူးတိုင်း လူငယ်အဖွဲ့တာဝန်ခံ ကိုနေဝင်းတို့ လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org