ဟူးကောင်းချိုင့်ဝှမ်းမှလယ်သမားများ လယ်ယာမြေ ပြန်ရဖို့ စာတင်

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသက ဒေသခံ လယ်သမားတွေ ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို ယုဇနကုမ္ပဏီက သိမ်းယူထားတဲ့အမှု နဲ့ပတ်သက်ပြီး သူတို့ပိုင် လယ်ယာမြေတွေကို ပြန်လည်ပေးအပ်ဖို့ ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးဌာန ၉ ခုကို လယ်သမားတွေက မနေ့က ဇွန်လ ၉ ရက်နေ့က စာရေး တင်ပြလိုက်ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ မြောက်ဖျား၊ ကချင်ပြည်နယ်နှင့် အိန္ဒိယ နယ်စပ်ရှိ ဟူးကောင်းတောင်ကြား ဒေသ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map) (RFA Map)

စာရေးတင်တဲ့အထဲမှာ ဦးဆောင်ပြီး ရေးသား လက်မှတ်ထိုးခဲ့သူ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ခါရာဇုကျေးရွာ အောင်ရာရွာက လယ်ယာမြေ ၁၄ ဧက သိမ်းယူခံခဲ့ရတဲ့ ဒေါ်ဘောက်ဂျာက RFA ကို ခုလို ပြောပါတယ်။

“ကျွန်မတို့က လိုချင်တာက နစ်နာကြေး လိုချင်တာ။ နစ်နာကြေးဆိုတာက ဒီ လွန်ခဲ့တဲ့ ၃-၄ နှစ် မလုပ်စားနိုင်တဲ့ နစ်နာကြေးရယ်၊ သီးပင်စားပင်တွေကို ဖျက်ဆီးလိုက်တဲ့ လျော်ကြေး အဲဒီ လျော်ကြေးကို ကျွန်မတို့က တောင်းတာ။ လယ်ယာမြေကတော့ ကျွန်မတို့ မရလို့ မဖြစ်ဖူး။ ကျွန်မတို့က တောင်သူတွေ ဖြစ်တယ်။ လယ်ယာမြေပဲ လုပ်ကိုင်စားသောက်တဲ့အတွက် ဒီလယ်ယာမြေကိုပဲ အားပြုပြီး လုပ်ကိုင်စားသောက်တဲ့အတွက် မြေကိုတော့ ပြန်ရမှ ဖြစ်မယ်။ နဂိုတုန်းက လက်ငုပ်လက်ရင်း လုပ်စားနေတဲ့အတိုင်းပဲ ကျွန်မတို့ကို ပြန်လည် ချပေးပြီးတော့ လုပ်ကိုင်စားခွင့် ပေးဖို့ရန်နဲ့ တရားရုံးမှာ တင်ထားတဲ့ အမှု လျော်ကြေးကိုလည်း ပြန်လည်၍ ဒါတွေကို စိစစ်ပေးဖို့ရန် တင်ပြတာ မနေ့က စာတင်လိုက်တယ်လေ။

ဒေါ်ဘောက်ဂျာဟာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက အမတ်အဖြစ် ဝင်ရောက် အရွေးခံခဲ့သူလည်း ဖြစ်ပါတယ်။

လယ်သမားတွေ ၃နှစ်နီးပါး လယ်မဲ့ ဖြစ်ခဲ့တဲ့အတွက် လျော်ကြေး ပြန်ပေးဖို့နဲ့ သီးပင်စားပင်တွေကို ဖျက်ဆီးခဲ့တဲ့အတွက် ယုဇနကုမ္ပဏီက လျော်ကြေးပေးဖို့၊ ကချင်ပြည်နယ်အစိုးရ အနေနဲ့ သိမ်းယူခံရတဲ့ လယ်ယာမြေအားလုံးကို ကချင်တောင်သူလယ်သမားတွေကို ပြန်လည် ချထားပေးဖို့ စာရေး တောင်းဆိုခြင်း ဖြစ်တယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

ဟူးကောင်းချိုင့်ဝှမ်းမှာ ဦးဌေးမြင့်ပိုင်တဲ့ ယုဇနကုမ္ပဏီက ၂၀၀၇ ခုနှစ်နှောင်းပိုင်းလောက်ကစပြီး လယ်ယာမြေ ထောင်ဂဏန်းချီပြီး သိမ်းယူခဲ့အတွက် လယ်သမား တရာခန့်က ကချင်ပြည်နယ်တရား ရုံးမှာ ယုဇနကုမ္ပဏီကို တရားစွဲဆိုခဲ့ပါတယ်။ တရားရုံးက လယ်တဧကကို မြန်မာကျပ်ငွေ ရှစ်သောင်းသာ လျော်ကြေးပေးဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ လယ်သမားအများစုက လက်မခံပဲ အယူခံတင်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org