ရှမ်းပြည်နယ်မှာ စစ်ဌာနချုပ်အသစ်ဖွင့်ရန် လယ်ယာမြေများသိမ်းယူ
စစ်အစိုးရက ရှမ်းပြည်နယ်တွင်းမှာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အသစ်ကို ဖွင့်လှစ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီး နောက်ပိုင်း ဒေသခံတွေရဲ့ လယ်ယာခြံမြေတွေ အသိမ်းဆည်း ခံနေရတာကြောင့် ဒေသခံတွေ ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေး လာနေကြတယ်လို့ သိရပါတယ် ။
-
2011-01-25 -
-
-
Your browser doesn’t support HTML5 audio
အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှမ်းပြည်အလယ်ပိုင်းနဲ့ တောင်ပိုင်း နယ်နိမိတ်ကြား မြို့တွေဖြစ်တဲ့ ကွန်ဟိန်း၊ မိုင်းရှူးနဲ့ နမ့်ဆမ်မြို့တွေကို ရွေးချယ်ထားပြီး အဲဒီမြို့နယ်တွင်းက လယ်ယာတွေကို သိမ်းဆည်းနေတာ ဖြစ်ကြောင်း ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းစဉ် အယ်ဒီတာ ဦးစိန်ကြည်က ပြောပါတယ်။
“အဲ သူတို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ လာပြီးတော့ ရုံးစိုက်ဖို့၊ နောက်ပြီးတော့ ပညာရေး၊ ကျန်းမာရေး တခြားဌာနတွေရော လာပြီးတော့ ရုံးစိုက်ဖို့၊ နောက်ပြီးတော့ သူတို့ရဲ့ စစ်တပ်တွေ ဘာတွေ လာထားဖို့ အထူးသဖြင့် တာလိမှာ အရှေ့အလယ်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ်ရုံးကို အကြီးအကျယ် တိုးချဲ့နေတယ်၊ ပြင်ဆင်နေတယ်။”
“သူတို့ တိုးချဲ့ ဆောက်လုပ်နေတဲ့ နေရာတွေမှာ ဒေသခံလူထု၊ ကျေးလက် လူထုရဲ့ လယ်ယာ ခြံမြေတွေ အများကြီး ဧကပေါင်း ရာဂဏန်း အသိမ်းခံရတယ်၊ အဲဒါကြောင့် ဒီ သုံးလေးမြို့နယ်က ကျေးလက် လူထုတချို့လည်း ထိုင်းနယ်စပ်တွေဖက်ကို ထွက်ပြေးလာတာ အများကြီးပဲ။ အခု တပတ် နှစ်ပတ်အတွင်းမှာ တရာ နှစ်ရာလောက် ရှိပြီ။”
စစ်အစိုးရရဲ့ စစ်ဌာချုပ်တွေ ရှိတဲ့ ဒေသတဝိုက်မှာ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပြီး ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်မှာဆိုရင် အခြေအနေတွေ ပိုမိုဆိုးဝါးကြောင်း လူ့အခွင့်အရေးအဖွဲ့ အစီရင်ခံစာတွေက ဆိုပါတယ်။
အခုလို စစ်တိုင်းဌာနချုပ်အသစ် တိုးချဲ့ဖွင့်လှစ်ဖို့ ပြင်ဆင်နေရတဲ့ အကြောင်းတွေနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှမ်းသံတော်ဆင့်သတင်းစဉ် အယ်ဒီတာ ဦးစိန်ကြည်ကို RFAအဖွဲ့သား ကိုဉာဏ်ဝင်းအောင် ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက် |
|
အသံဖိုင်ယူရန် |