စိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးဖို့ ဖိတ်ခေါ်

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြုပ်နှံကြဖို့ လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာနက နိုင်ငံခြား ရင်းနှီးမြုပ်နှံ သူတွေကို မနေ့က ဖိတ်ခေါ်လိုက်ပါတယ်။

ရာသီဥတု ကောင်းမွန်ပြီး၊ မြေယာတွေပေါ၊ လုပ်အားခ သက်သာ၊ လုပ်ငန်းမူဝါဒတွေ အဆင်ပြေတဲ့ မြန်မာနိုင်ငံ စိုက်ပျိုးရေး ကဏ္ဍမှာ ရင်းနှီးမြုပ်နှံဖို့ အတွက် အခုအချိန်ဟာ အချိန်ကောင်း၊ အခွင့်အခါကောင်း ပါပဲလို့ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မြမြ က ရန်ကုန်မြို့မှာ ကျင်းပတဲ့ ဆွေးနွေးပွဲတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာ့လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ပမာဏဟာ တခြား ကဏ္ဍတွေထက် နိမ့်ကျနေပါ တယ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု အများစုက ရေနံ နဲ့ သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရေးမှာသာ ရှိနေပါတယ်။

ဒါ့ပြင် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေဟာ တရားဝင် အတည်မပြုရသေးတဲ့ မြန်မာနိုင်ငံ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကို စောင့်စားနေကြပါတယ်။

ဒီအတွင်း မြန်မာနိုင်ငံမှာ နိုင်ငံခြား ဘဏ်တိုက်ကြီးတွေရဲ့ ဘဏ်ခွဲတွေ လာရောက် ဖွင့်လှစ်ခွင့်ပြုဦးမှာ မဟုတ် သေးဘူး လို့  ဗဟိုဘဏ် အရာရှိတစ်ဦးက ပြောဆိုကြောင်း ဆင်ဝှာ သတင်းတစ်ရပ်က ဖေါ်ပြပါတယ်။

စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ဘဏ်လုပ်ငန်း ကဏ္ဍအရ  နိုင်ငံခြားဘဏ်တွေကို  ပထမဆုံး ကိုယ်စားလှယ်ရုံး ဖွင့်ခွင့်ပေးမှာ ဖြစ်ပြီး၊ ဒုတိအဆင့်မှာ မြန်မာဘဏ်လုပ်ငန်း တစ်ခုနဲ့ ပူးတွဲ လုပ်ကိုင်ခွင့် ပေးမှာဖြစ်ကြောင်း တတိယ အဆင့်ကျမှ နိုင်ငံခြားဘဏ်အဖြစ် အပြည့်အ၀ လုပ်ကိုင်နိုင်မှာ ဖြစ်ကြောင်း ပြောဆိုပြီး လတ်တလော အင်တာနက် စာမျက်နှာတချို့မှာ ဖေါ်ပြထားတဲ့ မြန်မာပြည်မှာ နိုင်ငံခြားဘဏ်တွေ ဖွင့်လှစ်တဲ့ သတင်းတွေကို ငြင်းဆိုခဲ့ကြောင်း ဆင်ဝှာသတင်းက ဖေါ်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org