ဖေဖော်ဝါရီလအတွင်း ပြည်နယ်နဲ့ တိုင်းကိုးခုမှာ နေအိမ်ငါးထောင်ကျော် မီးရှို့ခံရ

ဖေဖော်ဝါရီလ တစ်လအတွင်း ပြည်နယ်နဲ့ တိုင်းကိုးခုမှာ နေအိမ် ၅၁၅၂ လုံး မီးရှို့ခံခဲ့ရတယ်လို့ Data For Myanmar က မတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဝက်လက်မြို့နယ် သမရိုးရွာမှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်ပျက်စီးနေသည့် နေအိမ်အဆောက်အအုံများအား တွေ့ရစဉ်။ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ တစ်လအတွင်း မြန်မာနိုင်ငံအနှံ့ ပြည်နယ်နဲ့ တိုင်းကိုးခုမှာ နေအိမ် ၅၁၅၂ လုံး မီးရှို့ခံခဲ့ရတယ်လို့ သုတေသနအဖွဲဖြစ်တဲ့ Data For Myanmar က မတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန် ပါတယ်။

အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက နေအိမ် ၄၆၆၆ လုံးနဲ့ မီးရှို့ခံရမှု အများဆုံးဖြစ်ပြီး တနင်္သာရီ၊ မကွေးနဲ့ မန္တလေးတိုင်းက နေအိမ်တစ်ရာကျော်ကနေ နှစ်ရာကျော်အထိပါဝင်သလို ချင်း၊ ကချင်၊ မွန်၊ ရှမ်း (တောင်)၊ ကရင်နဲ့ ပဲခူး (အရှေ့) တို့မှာတော့ နေအိမ်အနည်းငယ်စီ မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ဖေဖော်ဝါရီလအတွင်း နေအိမ် ၁၁၉၈ လုံးနဲ့ အများဆုံးမီးရှို့ခံခဲ့ရပြီး အရာတော်မြို့နယ်မှာလည်း ၁၀၄၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဖော်ပြထားပါတယ်။

မတ်လ ၁၇ ရက်နေ့ကလည်း ဝက်လက်မြို့နယ် သမရိုးရွာကို စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်ပြီးနောက် နေအိမ် ၂၇၅ လုံး မီးရှို့ခံရသလို အသက် ၇၅ နှစ်ဝန်းကျင်အရွယ် အဘွားအိုတစ်ဦးပါ သေဆုံးခဲ့ တယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့မြို့နယ်တွေမှာ စစ်ကြောင်းထိုးတာ တွေ ပိုလုပ်နေတယ်လို့ ဝက်လက်မြို့နယ်ထဲမှာရှိတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကိုင်းထဲမှာရှိတဲ့ ဒေသကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့ သပိတ်ကော်မတီတွေကတော့ မီးရှို့ခံရတဲ့ နေအိမ်တွေအတွက် ယာယီတဲပြန်ဆောက်ပေးဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ နေအိမ်တွေ မီးရှို့ခံရတဲ့အပေါ် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဒေသခံတွေရဲ့ နေအိမ်တွေကို သူတို့ဘက်က မီးမရှို့ဘူးလို့ RFA ကို အရင်က ငြင်းဆိုထားဖူးပါတယ်။

Data For Myanmar ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးချိန်ကနေ ဖေဖော်ဝါရီလကုန် အထိ မြန်မာနိုင်ငံအနှံ့မှာ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး မီးရှို့ခံခဲ့ရပါတယ်။  

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org