၆၆(ဃ) အပါအဝင် အသရေဖျက်မှု ဥပဒေတွေ ပြုပြင်ပြောင်းလဲဖို့ FEM တောင်းဆို
အစိုးရသစ်အနေနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ အသရေဖျက်မှု ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့ လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း မြန်မာအဖွဲ့ FEM အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၅၀ ကျော်က ဆွေးနွေးပြီး ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
-
သန့်ဇင်ဦး
2020-12-10 -
-
-
အသရေဖျက်မှုကို ရာဇဝတ်ပြစ်မှုအဖြစ် သတ်မှတ်ထားတာကနေ တရားမမှုအဖြစ် ပြောင်းလဲဖို့နဲ့ ထောင်ဒဏ်အားလုံးကို ပယ်ဖျက်ဖို့ စတဲ့ အချက်လေးချက်ကို လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း မြန်မာအဖွဲ့ FEM အပါအဝင် အရက်ဘက်အဖွဲ့ ၅၀ ကျော်က လက်မှတ်ရေး ထိုးပြီး ဒီကနေ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ထုတ်ပြန်ချက်မှာပါဝင်တဲ့ ရွေးချယ်စရာနည်းလမ်း လေးခုကတော့ တရားမမှုဆိုင်ရာ အသရေဖျက်ခြင်း ဥပဒေတစ်ခုကို ရေးဆွဲအတည် ပြုဖို့၊ ရာဇသတ်ကြီးရှိ ပြစ်မှုဆိုင်ရာ အသရေဖျက်ခြင်းဥပဒေမှာ ပိုမိုခိုင်မာသော ခုခံကာကွယ်မှုတွေ ထည့်သွင်းဖို့၊ ထောင်ဒဏ်အားလုံးကို ဖယ်ရှားပစ်ဖို့နဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ အပြင်းအထန် အသရေဖျက်မှုတွေကိုပဲ ကန့်သတ်ထားပေးဖို့တွေဖြစ်ပါတယ်။
ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဦးဆောင်ပြုလုပ်တဲ့ လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း မြန်မာအဖွဲ့ FEM ရဲ့ ဒါရိုက်တာ မယဉ်ရတနာသိန်း က အခုလိုပြောပါတယ်။
"အစိုးရသည် ရာဇဝတ်မှုဆိုင်ရာ အသေရဖျက်မှုတွေကို တရားမမှုဆိုင်ရာ အသရေဖျက်မှုတွေအဖြစ် မပြောင်းမချင်း ဒီလှုပ်ရှားမှုက ဆက်သွားနေမှာပေါ့၊ ကျွန်တော်တို့က အကြံပေးအဖွဲ့ဖြစ်တဲ့အတွက် အစိုးရဆီကို ဒီအစီရင်ခံစာတွေကို အရောက်ပို့မယ်၊ သူတို့သွား ချင်တဲ့ ဒီမိုကရေစီဆိုတဲ့ပန်းတိုင်ကို ရောက်ဖို့ ဒီပြစ်မှုဆိုင်ရာ အသရေဖျက်မှုပုဒ်မတွေကိုမှ မဖျက်သိမ်းပေးနိုင်ဘူးဆိုလို့ရှိရင် မြန်မာ နိုင်ငံရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အဆင့်အတန်း အညွှန်းကိန်းတွေက အမြဲတမ်းကျဆင်းနေမှာဖြစ်တယ်၊ အမြဲတမ်းကျဆင်း နေတယ်ဆိုရင် ဒီမိုကရေစီဟာ ဘယ်လိုနည်းနဲ့မှမရောက်နိုင်ဘူး၊ ဒါတွေအားလုံးက တစ်ခုနဲ့တစ်ခုနဲ့ ချိတ်ဆက်သွယ်တန်းနေတာ ဖြစ်တဲ့အတွက်ပေါ့နော် အစိုးရအနေနဲ့ Politician Way လည်း ထားသင့်တယ်လို့ ကျွန်တော်တို့က တိုက်တွန်းလိုက်ချင်ပါတယ်၊ သူတို့လုပ်မယ်လို့လည်း ယုံကြည်ပါတယ်။"
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်အကူးအပြောင်းကာလမှာ အကြီးမားဆုံးသော အဟန့်အတားဖြစ်နေတဲ့ ဆက်သွယ်ရေးဥပေဒပုဒ်မ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ခြင်း ဥပဒေပုဒ်မ၊ နိုင်လွှတ်လုံဥပဒေပုဒ်မ၊ အသရေဖျက်မှုဥပဒေပုဒ်မ အပါအဝင် အသရေ ဖျက်မှုခေါင်းစဉ် အောက်မှာရှိနေတဲ့ ပုဒ်မတွေကို လာမယ့် အစိုးရသစ်လက်ထပ်မှာတော့ မဖြစ်မနေ ပြင်ဆင်ဖို့လိုတယ်လို့ မယဉ်ရတနာသိန်း က ဆိုပါတယ်။
လာမယ့်အစိုးရသစ်အနေနဲ့ အသရေဖျက်မှုဥပဒေတွေ ပြင်ဆင်ဖို့အတွက် အာရုံစိုက်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း ရန်ကုန်အခြေစိုက် အသံအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက ပြောပါတယ်။
"အခုပြောတာတွေက အခုအစိုးရအတွက်ဆိုတာထက် နောက်လာမယ့် အစိုးရအတွက်ပိုပြီးတော့ ရည်ညွှန်းတယ်၊ လက်ရှိအစိုးရ ကတော့ အရမ်းကြီးပြုပြင်ပြောင်းလဲရေးကို အားသွန်ခွန်စိုက်လုပ်မယ့်ပုံတော့ မပေါ်တော့ဘူး၊ ဥပဒေတွေပြောင်းလဲရေးလုပ်တဲ့အခါ မှာလည်း လွှတ်တော်တွေကပဲ အဓိကလုပ်ရတာဖြစ်တဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း နောက်ဇန်နဝါရီလလောက်မှ ရောက်လာမယ်၊ ဒါတောင်မှပဲ အစိုးရဖွဲ့ရေးကိစ္စတွေနဲ့၊ ဒီလိုမျိုး အသရေဖျက်မှုနဲ့ပတ်သက်တဲ့ဥပဒေပြုရေးကိစ္စတွေကိုတော့ ငါးလ ပိုင်း ခြောက်လပိုင်းလောက်မှပဲ လွှတ်တော်က ကိုင်တွယ်နိုင်မယ်လို့ထင်တယ်၊ အဲအခါကျရင်တော့ ဒီထက်ပိုတဲ့တွန်းအားပေးမှုတွေ ဆွေးနွေးမှုတွေ ဆက်လုပ်မယ်ဆိုရင်တော့ အစိုးရအနေနဲ့ ဒီအပေါ်မှာ အာရုံစိုက်ကောင်း စိုက်လာနိုင်ပါတယ်ခင်ဗျ။"
လွှတ်တော်အနေနဲ့ အသရေဖျက်မှုဥပဒေကို ပြင်ဆင်ဖို့ စဉ်းစားတဲ့အခါမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃနဲ့ နိုင်လွှတ်လုံဥပဒေလောက် ပဲ ကွက်ပြီးစဉ်းစားတာထက် မဟာဗျူဟာကျကျနဲ့ အသရေဖျက်မှု ဥပဒေတွေအကုန်လုံးကို ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့လည်း မောင်ဆောင်းခ က ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီဝင် အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ အရပ်ဘက် အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အပေါ် ကြိုဆိုတယ်လို့ RFA ကိုပြောပါတယ်။
"သူတို့ကနေပြီးတော့ ဒီလိုကြေညာချက်တွေထုတ်ပြီးတော့ အကြံဉာဏ်တွေပေးတာ ကျွန်တော်တို့ကြိုဆိုတယ်၊ သူတို့ရဲ့ အကြံဉာဏ် ပေးချက်တွေ အကြံပြုချက်တွေ ဒါတွေဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဟာပါပဲ၊ အထူးသဖြင့်တော့ ဥပဒေကြောင်းနဲ့ ပတ်သက်လို့ရှိရင် လွှတ်တော်ကနေပြီးတော့ လုပ်ကြရမှာဆိုတော့ လွှတ်တော်ကိုလည်း အကြံဉာဏ်ပေးပါ၊ အစိုးရကိုလည်း အကြံဉာဏ်ပေးပါ၊ အဲဒါမျိုးဖြစ်သင့်တယ်လို့ ထင်ပါတယ်၊ အားလုံးကတော့ ဝိုင်းဝန်းပြီးတော့ ပူးပေါင်းဆောင်ရွက်ကြရမှာပါပဲ။"
၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ အစိုးရသက်တမ်းအတွင်း လိုအပ်ချက်ရှိခဲ့တာတွေကို အစိုးရသစ်လက်ထက်မှာ သုံးသပ်ပြီး အကောင်းဆုံးပြင်ဆင်လုပ်ဆောင်သွားမယ်လို့လည်း မုံရွာအောင်ရှင်က ဆိုပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် ကတော့ ရာဇဝတ်ကြောင်းကို တရားမကြောင်း ပြောင်းတာ စွပ်စွဲခံရသူအတွက် လောလောဆယ်သက်သာစေနိုင်ပေမယ့် ရေရှည်မှာ အမှုပိုကြီးထွားလာမယ့်သဘောရှိတယ်လို့ သုံးသပ်ပါတယ်။
"၆၆(ဃ)နဲ့ပတ်သက်တဲ့ ဆက်သွယ်ရေးဥပဒေနဲ့ ပတ်သက်တဲ့ကိစ္စတွေက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ အရလည်း မကိုက် ညီဘူး၊ ထို့နည်းတူစွာပဲ လူ့အခွင့်အရေးကြေညာစာတမ်းနဲ့လည်း မကိုက်ညီဘူး၊ အဲဒီတော့ ရာဇဝတ်ကြောင်းကို တရားမကြောင်း ပြောင်းတယ်ဆိုတဲ့ကိစ္စက လောလောဆယ်တော့ စွပ်စွဲခံရသူအတွက် သက်သာမှုကိုဖြစ်စေတယ်၊ ရေရှည်မှာတော့ အမှုကိုပိုပြီးတော့ ကြီးထွားလာမယ့်သဘောတော့ရှိတယ်။"
အကောင်းဆုံးကတော့ အမုန်းတရားကိုဖြန့်ချီတယ်ဆိုရင်တော့ ရာဇသတ်ကြီးမှာပါတဲ့ ဥပဒေတွေနဲ့ အရေးယူတာမျိုးလုပ်ဆောင်ပြီး တဘက်မှာလည်း ထိန်းချုပ်လို့ရမယ့်ဥပဒေတွေကို လွှတ်တော်ကိုယ်စားလှယ်တွေက ပြဌာန်းပေးဖို့ လုပ်ဆောင်သင့်တယ်လို့ ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။
ဒီကနေ့ထုတ်ပြန်လိုက်တဲ့ အရပ်ဘက်အဖွဲ့တွေရဲ့ အကြံပြုချက် အဆိုပြုလွှာကို အရပ်ဘက်အဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊ ရှေ့နေတွေ၊ တရားသူကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အပါအဝင် အရပ်ဘက်အဖွဲ့ ၅၀ ကျော်ပါဝင် ဆွေးနွေးပြီးမှ ထုတ်ပြန်ထားတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအာဏာရအစိုးရရဲ့ လေးနှစ်တာကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ပြီး တရားစွဲဆိုတဲ့အမှု ခြောက်ရာနီးပါးရှိတယ်လို့ ဇူလိုင်လ ၁၆ ရက်နေ့က ထုတ်ပြန်ထားတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ အသံရဲ့ လေးနှစ်တာအစီရင်ခံစာအရသိရပါတယ်။