ဝန်ကြီးချုပ်ဟောင်း ဦးနု၏အုတ်ဂူမှ သံတိုင်များအခိုးခံရ

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဝန်ကြီးချုပ် ဦးနု နဲ့ ဇနီးဖြစ်သူ ဒေါ်မြရီ တို့ရဲ့ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ရှိတဲ့ အုတ်ဂူ နှစ်လုံးကို ကာရံထားတဲ့ သံတိုင်တွေ ခိုးယူခံခဲ့ရကြောင်း သမီးဖြစ်သူ ဒေါ်သန်းသန်းနုက ပြောပါတယ် ။

ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဦးနု (ဝဲ) နှင့် ဇနီး ဒေါ်မြရီ (ယာ) တို့၏ ယခင် မှတ်တမ်းဓာတ်ပုံ တခု ဖြစ်ပါသည်။ (PBase U Nu gallery) PBase U Nu gallery

အဲဒီလို အုတ်ဂူကို ကာထားတဲ့ သံတိုင်တွေ အခိုးခံရတာကို မိသားစုကို အသိပေးတာ မရှိပဲ ပြီးခဲ့တဲ့ လကုန်ပိုင်းက အုတ်ဂူကို သွားရှင်းလင်းမှသာ သိရှိခဲ့ရတယ်လို့လည်း ဒေါ်သန်းသန်းနုက ပြောပါတယ်။

ရေဝေးသုသာန်မှာ ၂၄ နာရီလုံးလုံး အစောင့်တွေ ရှိပါလျက်နဲ့ အခုလို သူတို့မိဘ နှစ်ပါးရဲ့ အုတ်ဂူက သံတိုင်တွေကိုပဲ ဖြုတ်ယူခိုးခံရတာကို အံသြမိတယ်လို့ သမီးဖြစ်သူ ဒေါ်သန်းသန်းနုက RFA ကို ပြောပါတယ် ။

ဝန်ကြီးချုပ်ဟောင်း ဦးနု ဟာ ၁၉၉၅ ခု ဖေဖော်ဝါရီလ ၁၄-ရက်နေ့မှာ ကွယ်လွန်ခဲ့ပြီး ရေဝေး သုသာန်မှာ ဂူသွင်းမြှုပ်နှံခဲ့ပါတယ်။

ဇနီးဖြစ်သူ ဒေါ်မြရီက သူ့အရင်စောပြီး ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့အတွက် ကြံတောသုသာန်မှာ ဂူသွင်းမြှုပ်နှံခဲ့ပါတယ်။ ဒါပေမဲ့ ကြံတောသုသာန်ကို ဖျက်သိမ်းခဲ့တဲ့ အတွက် ဒေါ်မြရီရဲ့ အုတ်ဂူကို ရေဝေးသုသာန်မှာ ရွှေ့ပြီး ခင်ပွန်းဖြစ်သူ ဦးနုရဲ့ အုတ်ဂူနဲ့အတူ ယှဉ်ပြီး ထားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org