ပွင့်ဖြူမှာ NLD နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ခိုက်ရန်ဖြစ်ပြီး အပြန်အလှန် အမှုဖွင့်
မကွေးတိုင်း ပွင့်ဖြူမြို့နယ် အနောက်လေးအိမ်ရွာ NLD ရပ်ကျေးအလုပ်အမှုဆောင် ဦးဝင်းဗိုလ်နဲ့ တရွာတည်းမှာနေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူ မောင်ချမ်းမြေ့သူ၊ မောင်သူရိန်လင်းတို့ ညီအစ်ကိုနှစ်ဦးတို့ အောက်တို ဘာလ ၁၅ ရက်နေ့က စကားများခိုက်ရန် ဖြစ်ပြီး ကိုယ်ထိလက်ရောက်ဖြစ်ရာကနေ NLD ရပ်ကျေးအလုပ်အမှုဆောင် ဒဏ်ရာရခဲ့ပါတယ်။
-
ဇော်တူး
2020-10-20 -
-
-
မကွေးတိုင်း ပွင့်ဖြူမြို့နယ် အနောက်လေးအိမ်ရွာ NLD ရပ်ကျေးအလုပ်အမှုဆောင် ဦးဝင်းဗိုလ်နဲ့ တရွာတည်းမှာနေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီထောက်ခံသူ မောင်ချမ်းမြေ့သူ၊ မောင်သူရိန်လင်းတို့ ညီအစ်ကိုနှစ်ဦးတို့ အောက်တိုဘာလ ၁၅ ရက်နေ့က စကားများခိုက်ရန် ဖြစ်ပြီး ကိုယ်ထိလက်ရောက်ဖြစ်ရာကနေ NLD ရပ်ကျေးအလုပ်အမှုဆောင်ဒဏ်ရာရခဲ့ပါတယ်။
ညာဘက်လက်ဖျံရိုးကျိုးပြီး၊ မျက်ခုံး ပေါက်ပြဲဒဏ်ရာတွေရခဲ့တဲ့ ဦးဝင်းဗိုလ်ကို မယ်ဇလီဆေးရုံမှာ ဆေးကုနေရပါတယ်။ ဒီဖြစ်ရပ်အတွက် ပွင့်ဖြူမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဦးဝင်းဗိုလ်က ပြောပါတယ်။
“ အခုအချိန်က ထိလွယ်ရှလွယ်အချိန်။ တစ်ယောက်နဲ့တစ်ယောက် သင့်မြတ်အောင်နေကြ။ အနီ အစိမ်းက အနီ အစိမ်းပဲ။ ကိုယ်တို့ကလည်း အနီပဲ။ ညီလေးတို့ကလည်းအစိမ်းပဲ သင့်မြတ်အောင် နေကြပေါ့ကွာ။ လိုင်းချင်းတော့ မတူဘူးပေါ့။ အဲဒီလိုပြောရုံနဲ့ ကျနော့်ရဲ့ရင်ကို တွန်းပြီးတော့ အသင့်ပါလာတဲ့ ကျောက်ခဲနဲ့ ကျနော့်ကို ထုချတာပါပဲ ”
တရားလို ဦးဝင်းဗိုလ်ရဲ့ တိုင်တန်းချက်အရ မောင်ချမ်းမြေ့သူနဲ့ မောင်သူရိန်လင်းတို့ ညီအစ်ကိုနှစ်ဦးကို ပ/၄၄၁/၂၀၂၀ နဲ့ ရာဇသတ်ကြီးပုဒ်မ ၃၂၅-၁၁၄ နဲ့ ပြင်းထန်တဲ့ ဒဏ်ရာရရှိစေအောင် ပြုလုပ်မှု၊ အားပေးကူညီမှု စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ မဲဇလီရဲကင်းစခန်းမှူး ဒု-ရဲအုပ် မျိုးသူက ပြောပါတယ်။
“ နှစ်ဖက်အမှုဖွင့်တာကတော့ သူတို့လက်ရှိဖြစ်တဲ့ဖြစ်စဉ်ပေါ်မှာ မူတည်ပြီးတော့ တဖက်နဲ့တဖက် အမှုဖွင့်ထားတာပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး ကျနော်တို့အတွက် အမှုကိုတော့ ဖြစ်စဉ်အမှန်တိုင်း စစ်ဆေး ပြီးတော့ ကျနော်တို့ ဥပဒေအကြံတောင်းတင်ပြီး တရားစွဲတာ လုပ်မှာပေါ့ ”
ဦးဝင်းဗိုလ်ကိုလည်း ပြစ်မှုအမှတ် ပ/၄၄၂/၂၀၂၀ မှာ ၂၉၄ ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာမှု၊ ၅၀၆- ခြိမ်းခြောက်ပြောဆိုမှု၊ ၄၂၇- အကျိုးစီးပွားပျက်စီးစေမှု၊ ၃၃၆- ခဲနဲ့ပေါက်မှု၊ စတဲ့ ပုဒ်မတွေနဲ့ တဖက်က ပြန်လည် တရားစွဲထားတယ်လို့ ပြောပါတယ်။
မောင်ချမ်းမြေ့သူက နှစ်ဖက်သင်ပုန်းချေဖို့ စိတ်ကူးမိခဲ့တယ်လို့ ပြောပါတယ်။
“ သူက မူးယစ်သောက်စားပြီး ကျနော်တို့ အဖွဲ့ အစည်းကို လာတာပေါ့။ လာပြီး ရမ်းကားရင်းကနေ သူက ကျနော့်ကို အရင်စထိုးတာ။ အဲဒီအချိန်မှာ ကျနော်က တွန်းလှဲခဲ့တာခင်ဗျ။ ဟုတ်ကဲ့ ကျနော်တို့က ပထမအနေအထားနဲ့ ဆိုရင် သူ့ဘက်အေးချမ်း ကိုယ့်ဘက်အေးချမ်း။ နှစ်ဘက်ကို ဒီလို သင်ပုန်းချေပြီးတော့ အမှု တဖက်မှ မဖြစ်စေအောင် ကျနော်တို့ဘက်က ဆိုပြီး ငြိမ်နေခဲ့တာ အခု သူတို့ဘက်က စဖွင့်လာတယ် ဆိုတော့ ကျနော်တို့ဘက်ကလည်း ပြန်ပြီးတော့ တရားစွဲရခြင်းဖြစ်ပါတယ် ခင်ဗျ ”
လောလောဆယ်တော့ မောင်ချမ်းမြေ့သူနဲ့ မောင်သူရိန်လင်းတို့နှစ်ယောက်ကို အာမခံပေးထားပါတယ်။
ရွေးကောက်ပွဲနီးလာတာနဲ့အမျှ မတူညီတဲ့ပါတီဝန်းရံသူတွေကြား ခိုက်ရန်ဖြစ်တာတွေ ဒေသတချို့မှာ ရှိနေတာတွေ့ရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ အနေနဲ့ ကိုယ်ထိလက်ရောက် ကျူးကျော်စော်ကားတာမျိုးတွေကို မတုံ့ပြန်စေချင်ဘူး။ ဥပဒေနဲ့အညီသာ ဖြေရှင်းကြပါလို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက သတိပေးပြောဆိုပါတယ်။
ရွေးကောက်ပွဲအကြိုကာလမှာ အကြမ်းဖက်တာ၊ ခြိမ်းခြောက်နှောင်႕ယှက်တာ၊ ဘာသာရေးလူမျိုးရေး အကြောင်းပြပြီး ဆူပူအောင်လှုံ့ဆော်တာတွေကို ဥပဒေအတိုင်း တိတိကျကျအရေးယူဖို့ သမ္မတ ဦးဝင်းမြင့်က အောက်တိုဘာလ ၁၆ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး ညွှန်ကြားထားပါတယ်။
ဦးဝင်းဗိုလ်တို့ ကိစ္စမှာ အခုချိန်အထိတော့ နှစ်ဖက် ကျေအေးတာ မရှိသေးပါဘူး။
------------------------------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)