ရှမ်းပြည်အရှေ့ပိုင်း မုံးထမှာ UWSA နဲ့ RCSS တို့ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မုံးထမြို့နယ်ခွဲမှာ ဧပြီလ ၅ ရက် မနေ့က UWSA ‘ဝ’ တပ်ဖွဲ့နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နှစ်ဖက်တပ်တွေရဲ့ ပြန်ကြားရေး တာဝန်ရှိသူတွေက RFA ကို အတည်ပြုပြောပါတယ်။

UWSA ‘ဝ’ တပ်ဖွဲ့နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တို့အား တွေ့ရစဉ်

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မုံးထမြို့နယ်ခွဲမှာ ဧပြီလ ၅ ရက် မနေ့က UWSA ‘ဝ’ တပ်ဖွဲ့နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား ခဲ့တယ်လို့ နှစ်ဖက်တပ်တွေရဲ့ ပြန်ကြားရေး တာဝန်ရှိသူတွေက RFA ကို အတည်ပြုပြော ပါတယ်။

မုံးထမြို့နယ်ခွဲမှာရှိတဲ့ ‘ဝ’ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေထဲကို RCSS တပ်ဖွဲ့က အင်အားနှစ် ဆယ်လောက်နဲ့ ဝင်ရောက်လာချိန် RCSS ဘက်က စတင်ပစ်ခတ်ခဲ့ရာကနေ တိုက်ပွဲဖြစ် ခဲ့တာလို့ ရှမ်းပြည်အရှေ့ပိုင်း ‘ဝ’ တပ်ဖွဲ့ တာဝန် ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

RCSS ပြောခွင့်ရသူ ဗိုလ်မှူး ခမ်းစံကတော့ ဧပြီ ၅ ရက်နေ့ မနေ့က မနက်ပိုင်း ၁၀ နာရီကျော်လောက်မှာ ‘ဝ’ တပ်ဖွဲ့ က RCSS တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လို့ ဆယ်မိနစ်လောက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။

လွယ်မန်ထုံ ကြားခံနယ်မြေအတွင်း RCSS အဖွဲ့က ကျူးကျော်ဝင်ရောက်လာပြီး စနိုက်ပါနဲ့ ပစ်ခတ်ခဲ့လို့ "ဝ" တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့တယ်လို့ ‘ဝ’ တပ်ဖွဲ့က ဧပြီလ ၆ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။ အပြန်အလှန်ပစ်ခတ်ခဲ့လို့ RCSS ဘက်က ငါးဦး သေဆုံးခဲ့ပြီး လက်နက် ငယ် ခြောက်လက်ရရှိခဲ့ကာ ‘ဝ’ ဘက်က နှစ်ဦး ဒဏ်ရာအနည်းငယ် ရခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်သေဆုံး ထိခိုက်ဒဏ်ရာရမှု ရှိခဲ့တယ်လို့ ‘ဝ’ တပ်ဖွဲ့ကပြောပေမယ့် အရေအတွက်ကို ထုတ်ဖော်မပြောခဲ့ပါဘူး။

ဒေသအတွင်း သတင်းရင်းမြစ်တွေကတော့ တိုက်ပွဲအတွင်း ‘ဝ’ တပ်ဖွဲ့ဘက်က တစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရသလို RCSS ဘက်က ငါဦး သေဆုံးတယ်လို့ ပြောဆိုကြပေမယ့် RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရှမ်းပြည်နယ်အရှေ့ပိုင်း RCSS ထိန်းချုပ်နယ်မြေ လွိုင်တိုင်းလျန်နဲ့ UWSA ‘ဝ’ တပ်ဖွဲ့ (၁၇၁) စစ်ဒေသ နယ်မြေတွေဟာ ကျောချင်းကပ်ပုံစံနဲ့ ထိစပ်နေပေမယ့် ခုလို တိုက်ပွဲ မဖြစ်ခဲ့တာ ကြာပြီလို့ တိုင်းရင်းသားအရေး လေ့လာသူတွေက ပြောကြပါတယ်။

မနေ့က တိုက်ပွဲကြောင့် အဲဒီဒေသမှာ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေပြီး တိုက်ပွဲဖြစ်စဉ် အခြေအနေအပေါ် နှစ်ဖက်တပ်ဖွဲ့ တာဝန်ရှိသူတွေက စုံစမ်းမှုတွေ လုပ်နေတယ်လို့ RCSS နဲ့ UWSA ပြန်ကြားရေး တာဝန်ရှိသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org