The Lady ရုပ်ရှင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ဘဝကို လူပိုသိလာစေမည်
မကြာခင်က ရိုက်ကူးပြီးစီးခဲ့ပြီး လာမဲ့ အောက်တိုဘာလမှာ ကမ္ဘာတလွှား ရုံတင်ပြသမဲ့ The Lady ရုပ်ရှင်ကြောင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို အများက ပိုသိလာကြမယ်လို့ မျှော်လင့်ကြောင်း ရုပ်ရှင်သရုပ်ဆောင် မစ်ရှယ်လ် ယိုးက မေလ ၁၂ ရက် မနေ့က ပြောလိုက်ပါတယ်။
-
2011-05-13 -
-
-
ရုပ်ရှင်ဇာတ်လမ်းတွင် ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်မည့် မလေးရှားနိုင်ငံဖွား ကမ္ဘာကျော် ဟောလီးဝုဒ် မင်းသမီး မစ်ရှယ်လ် ယို။ (Photo: AFP)
Photo: AFP
ဟောင်ကောင်မှာ မနေ့က ကျင်းပတဲ့ ကျောက်မျက်ရတနာ ပြပွဲအတွင်း အေပီသတင်းဌာနက မေးမြန်း ရာမှာ ဒီရုပ်ရှင်ဟာ နိုင်ငံရေးအကျပ်အတည်း နောက်ခံ မယုံနိုင်စရာ အချစ်ဇာတ်လမ်း တခုဖြစ်ကြောင်း၊ ပိုပြီးအရေးကြီးတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်လမ်းဟာ အနှစ် ၂၀ ကြာခဲ့ပြီဖြစ်လို့ လူအတော်များများက မေ့ပျောက်သွားတာ၊ နားလည် သဘောမပေါက်တာတွေ ရှိကြောင်း၊ ရုပ်ရှင်မင်းသမီး မစ်ရှယ်လ် ယိုးက ဖြေကြားပါတယ်။
အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ မလေးရှားနိုင်ငံဖွား ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး မစ်ရှယ်လ် ယိုးဟာ ဒီဇာတ်ကား ရိုက်ကူးဖို့အတွက် မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်တိုင် တွေ့ခဲ့သူ ဖြစ်ပါတယ်။
ပြင်သစ်ရုပ်ရှင် ဒါရိုက်တာ လပ် ဘက်ဆန် ရိုက်ကူးတဲ့ The Lady ရုပ်ရှင်ကားကို သြဂုတ်လ ၃၀ ကနေ စက်တင်ဘာ ၁၀ ရက်အတွင်း ကျင်းပမဲ့ အီတလီနိုင်ငံ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက် ပြသနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။