နောက်ဆုံးထုတ် မဲစာရင်းမှာလည်း အမှားတွေ ပါနေဆဲ

မဲပေးခွင့်ရှိသူ နောက်ဆုံးအပြီးသတ်စာရင်းကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ဒီနေ့ထုတ်ပြန်ရာမှာ အမှားအယွင်းတွေ ဆက်ရှိနေဆဲလို့ သိရပါတယ်။

ပျဉ်းမနားမြို့နယ် ရွှေချီရပ်ကွက်မှာ နိုဝင်ဘာလ ၂ ရက်နေ့က နောက်ဆုံးအကြိမ်ထုတ်ပြန်တဲ့ မဲပေးပိုင်ခွင့်ရှိသူစာရင်း ကြည့်နေသူများကို တွေ့ရစဉ် Photo: Win Naung Toe/RFA

မဲပေးခွင့်ရှိသူ နောက်ဆုံးအပြီးသတ်စာရင်းကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ဒီနေ့ထုတ်ပြန်ရာမှာ အမှားအယွင်းတွေ ဆက်ရှိနေဆဲလို့ သိရပါတယ်။

နောက်ဆုံးစာရင်းမှာလည်း နာမည်ကျန်ခဲ့တာတွေ၊ သေဆုံးသူတွေရဲ့ နာမည်တွေ ပြန်ပါနေတာတွေ၊ အရင်က ထုတ်ပြန်ခဲ့တဲ့စာရင်းတွေမှာ နာမည်ပါခဲ့ပြီး၊ အခု နောက်ဆုံးထုတ်ပြန်ရာမှာ နာမည်မပါတော့တာတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက အခုထုတ်ပြန်တဲ့ စာရင်းတွေမှာ အမှားအယွင်းတွေ ကင်းသွားမယ်လို့ ယူဆကြောင်း၊ တကယ်လို့ အစုအဝေးလိုက် ကျန်နေခဲ့တာတွေရှိရင် ပြင်လို့ရသေးတယ်လို့ ပြောပါတယ်။

"အမှန်ကတော့ ဒုတိယအဆင့်မှာ ပါတယ်ဆိုရင်တော့ တတိယအဆင့်မှာ မပါလာစရာအကြောင်းမရှိပါဘူး၊ ဒုတိယအဆင့်မှာ ထုတ်ပြန်ထားတဲ့ဥစ္စာကို ထပ်ဖြည့်စွက်ပြီး ထပ်ထုတ်ပြန်တာဖြစ်တဲ့အတွက် ပြန်မပါလာဘူး ဆိုတာကတော့ မဖြစ်နိုင်ဘူး၊ အချိန်မီဖြေရှင်းလို့ရမှာပါ၊ နောက် ကျနော်တို့က အစုအဝေးလိုက်ကျန်ခဲ့တဲ့ မဲဆန္ဒရှင်တွေကိုလည်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ ထပ်ဖြည့်ပေးလို့ရပါတယ်"

မဲပေးခွင့်ရှိသူ နောက်ဆုံးစာရင်းတွေကို သက်ဆိုင်ရာရပ်ကွက် ကျေးရွာ ကော်မရှင်ရုံးတွေမှာ ဒီနေ့ကစပြီး လာမယ့် နိုဝင်ဘာလ ၇ရက်နေ့အထိ ထုတ်ပြန်ကြေညာထားမှာဖြစ်ပါတယ်။

အရင်က တစ်နိုင်ငံလုံးအနှံ့ မဲပေးခွင့်ရှိသူဟာ ၃၃သန်း ခန့်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီး မဲပေးခွင့်ရှိသူစာရင်းမှာမပါလို့ နောက်တိုးလျှောက်ထားသူတွေ ရှိလာတဲ့အတွက် စုစုပေါင်း ၃၄သန်းနီးပါးရှိတယ်လို့ သိရပါတယ်။

ဒီအတွင်း ရွေးကောက်ပွဲမဲဆွယ်စည်းရုံးတဲ့ ကြော်ငြာတွေ ပိုစတာတွေကို လာမယ့် နိုဝင်ဘာလ ၆ရက်နေ့ ည ၁၂ နာရီ နောက်ဆုံးထားပြီး ဖြုတ်သိမ်းကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

သတ်မှတ်ထားတဲ့အချိန်အတွင်း မဖြုတ်သိမ်းတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ ကြော်ငြာတွေ ပိုစတာတွေကို သက်ဆိုင်ရာ မြို့နယ်ကော်မရှင်နဲ့ စည်ပင်သာယာရေးကော်မတီတို့က ဖြုတ်သိမ်းသွားမှာဖြစ်ပြီး၊ ကုန်ကျစရိတ်ကို သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းက ပြန်လည်ပေးချေရမှာဖြစ်တယ်လို့လည်း ကြေညာချက်မှာပါရှိပါတယ်။

နောက်ဆုံးမဲစာရင်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်၊

နောက်ဆုံးမဲစာရင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်သူရဲ့ စုစည်းတင်ပြချက်ကိုလည်း နားဆင်နိုင်ပါတယ်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေဖြစ်တဲ့ PACE အဖွဲ့နဲ့ ဒါနရှေ့ဆောင်မြန်မာအဖွဲ့တို့ က ရွေးကောက်ပွဲနေ့မှာ သူတို့အဖွဲ့အနေနဲ့ ဘယ်လိုဘယ်ပုံ လေ့လာစောင့်ကြည့်သွားမယ်ဆိုတာ သတင်းမီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။

RFA သတင်းထောက် မမိုးကလျာဦးက တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org