လွိုင်ကော်မြို့နယ် နောင်လုံရွာက အိမ် အလုံး ၂၀ ကျော် မီးလောင်
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် နောင်လုံရွာမှာ ဒီဇင်ဘာ ၁၈ ရက် မနေ့က စစ်ကောင်စီတပ်တွေ ဝင်လာပြီးနောက် နေအိမ် အလုံး ၂၀ ဝန်းကျင် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2021-12-19
-
-
-
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် နောင်လုံရွာမှာ ဒီဇင်ဘာ ၁၈ ရက် မနေ့က စစ်ကောင်စီတပ်တွေ ဝင်လာပြီးနောက် နေအိမ် အလုံး ၂၀ ဝန်းကျင် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မနက် ၁၁ နာရီဝန်းကျင်ကစလို့ စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ အနီးဝန်းကျင် ကရွာတွေကို ပစ်ခတ်ခဲ့ပြီး ညနေပိုင်းမှာတော့ နောင်မွန်နဲ့ ကွန်နားရွာတွေကို ဝင်ရောက်ခဲ့တာလို့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
"စစ်ကြောင်းထိုးတယ်။ အဲဒီမှာ ရွာထဲကို ဝင်ပြီး တစ်လုံးပြီးတစ်လုံး မီးရှို့တာ။ နေအိမ် အလုံး ၂၀၊ ၃၀ ဝန်းကျင်လောက်ကို မီးရှို့တာ။ ကွန်နားရွာမှာလည်း တချို့ပါတယ်လို့ ပြောတယ်။ အရေအတွက်ကတော့ မသိရသေးဘူး။ အဲဒီမှာက စစ်သားတွေ ရှိနေသေးတယ်"
လွိုင်ကော်နဲ့ ၂၁ မိုင်အကွာ နောင်လုံနဲ့ ကွန်နားရွာကို စစ်ကောင်စီတပ် ခလရ ၅၃၀ တပ်က အင်အား ၂၀၀ ကျော်နဲ့ ဝင်ရောက်ခဲ့တာလို့ ပြောပါတယ်။
အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ နောင်လုံရွာက အိမ်အလုံး ၂၀ ဝန်းကျင်နဲ့ စပါးတွေ လှောင်ထားတဲ့ ဂိုဒေါင်တွေပါ မီးလောင်ကျွမ်းခဲ့ပြီး နောင်လုံရွာ အနီးဝန်းကျင် ရွာငါးရွာက ဒေသခံ တစ်ထောင်ဝန်းကျင်လည်း တိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီဒေသက ရွာတွေဟာ စပါး၊ ပြောင်း စတာတွေကို စိုက်ပျိုးပြီး အသက်မွေးနေကြသူတွေဖြစ်သလို ဘာကြောင့် မီးရှို့ခံရတယ်ဆိုတာ မသိရဘူးလို့ ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကို RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ ကြိုးစားနေပါတယ်။