ရခိုင်စစ်ရေးကာလမှာ အိမ် ၁၈ဝ နီးပါး မီးလောင်ခံရတယ်လို့ REC ပြော

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ လက်နက်ကြီးတွေကြောင့် နေအိမ် ၂၄ လုံး မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။

ရသေ့တောင်မြို့နယ်က ကျောက်တန်းရွာကို တွေ့ရစဉ် ဓာတ်ပုံ - မင်းသိန်းအောင်/ RFA

ကျောက်တန်းကျေးရွာက နေအိမ် ၂၄ လုံးဟာ တပ်မတော်က ပစ်တဲ့လက်နက်ကြီးတွေကြောင့် မနေ့က မီးလောင်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

ရသေ့တောင်မြို့နဲ့ သာစည်ကုန်းကျေးရွာ နေရာနှစ်ခုက ပစ်ခတ်တဲ့ လက်နက်ကြီးတွေအပြင် ညနေပိုင်းမှာ ရဟတ်ယာဉ်တွေနဲ့ပါ လာရောက်ပစ်ခတ်ခံရတာကြောင့် မီးလောင်သွားတာလို့ ကျောက်တန်းကျေးရွာသား တစ်ဦးဖြစ်တဲ့ ဦးမောင်သန်းစောက ပြောပါတယ်။

“မနေ့ကမနက် အမှတ်-၅၃၇ တပ်ကနေပြီးတော့ လက်နက်ကြီးအမြှောက်တွေပစ်တယ်။ ကျောက်တန်းရွာကိုပဲ သူတို့က ပစ်မှတ်ထားပြီးတော့ ပစ်တာပေါ့။ နောက်ပြီးတော့ အောင်သာစည်ကျေးရွာ ဘုန်းကြီးကျောင်းဝန်းမှာ လက်နက်ကြီးတည်ပြီးတော့ ကျောက်တန်းရွာဘက်ကိုပစ်တယ်။ လက်နက်ကြီးတွေကျပြီးတော့ အိမ်တွေက မီးလောင်ကုန်တယ်။ နောက်ပြီးတော့ တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စီးနဲ့လည်း ကျောက်တန်းရွာကို ပစ်မှတ်ထားပြီးတော့ပစ်တယ်။ အိမ်တွေကိုကျပြီးတော့ မီးလောင်တယ်။ မီးလောင်တဲ့အိမ်တွေက အကုန်လုံးက ၂၄ လုံးပါခင်ဗျ”

ကျောက်တန်းကျေးရွာနဲ့ ရွာရဲ့အရှေ့ဘက်တောင်တန်းတွေကို မနေ့ မနက်ပိုင်းမှာ လက်နက်ကြီး ၁၀ ချက်ထက် မနည်း ပစ်ခတ်ခဲ့သလို ညနေပိုင်း ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက်ပစ်ခတ်ရာမှာလည်း ဆယ့်ငါးမိနစ်ခန့် ကြာခဲ့တယ်လို့ဆိုပါတယ်။

တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့တစ်ချိန်တည်းမှာ ရွာထဲမှာ အိမ်တွေမီးလောင်နေတာကို အဝေးကနေလှမ်းမြင်ရပြီး ရွာသားအချို့က ရွာထဲကို ဒီနေ့မနက်က သွားကြည့်ရာမှာ အိမ် ၂၄ လုံး မီးလောင် ဆုံးရှုံးသွားတာကို မြင်တွေ့ခဲ့ကြရတာပါ။

အစိုးရက အင်တာနက်ဖြတ်တောက်ထားတဲ့မြို့နယ်တွေထဲ ရသေ့တောင်မြို့နယ်လည်း ပါဝင်တာကြောင့် မနေ့က ဒေသခံတွေရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေကို RFA က ကြည့်ရှုခွင့်မရပါဘူး။

ရွာသားတွေကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက နီးစပ်ရာရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရလို့ အထိအခိုက် မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ်က စတင်လာခဲ့တဲ့ စစ်ရေးပဋိပက္ခအတွင်း ဒီနေ့အချိန်အထိ ကျေးရွာပေါင်း ၁၇ ရွာက  နေအိမ် ၁၈၀ ဝန်းကျင်လောက်ဟာ မီးလောင် ပျက်စီးသွားရတာဟာ တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်မှု ဒါမှမဟုတ် ရည်ရွယ်ချက်တစ်ခုခုနဲ့  ဖျက်ဆီးမှုကြောင့် ဖြစ်တယ်လို့ REC က စွပ်စွဲပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ရဲ့အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက အရပ်သားတွေ ထိခိုက်နစ်နာရတဲ့ကိစ္စအပေါ် အစိုးရအနေနဲ့ တပ်မတော်ကိုညှိနှိုင်းဖို့ တာဝန်ရှိတယ်လို့ပြောပါတယ်။

“လေကြောင်းကရော ရေကြောင်းကပါ တိုက်ခိုက်မှုတွေရှိတယ်။ လက်နက်ကြီးနဲ့တိုက်ခိုက်မှုတွေ ရှိတယ်။ အဲဒါတွေက အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို တိုက်ရိုက်ထိမှန်တာတွေ ရှိပါတယ်။ အရပ်သားတွေအပေါ် တိုက်ရိုက်ထိခိုက်သေဆုံးနိုင်တဲ့ကိစ္စ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီလိုမျိုးတိုက်ခိုက်တဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာ အဓိကတာဝန်ရှိပါတယ်။ တိုက်ပွဲတွေက အဆင်ခြင်မဲ့စွာနဲ့ အရပ်သား ပြည်သူလူထုတွေ ကို ထိခိုက်နစ်နာတာတွေ အများအပြား ဖြစ်လာတဲ့အခါကျတော့ အစိုးရကနေပြီးတော့မှ တပ်မတော်ကို ထိန်းကျောင်းပေးဖို့ ဒါမှမဟုတ် ညှိနှိုင်းပေးဖို့တာဝန်ရှိပါတယ်။ အခုကတော့ အဲလိုမျိုးအခြေအနေတွေ မတွေ့ရပါဘူး”

ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၅ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာမှာလည်း နေအိမ် ၁၂ လုံး မီးရှို့ခံခဲ့ရပါတယ်။

ဒီကိစ္စကိုစုံစမ်းပြီး ဒေသခံတွေကို ထိုက်သင့်တဲ့လျော်ကြေးတွေပေးဖို့ လွှတ်တော်မှာ မေးခွန်းမေးဖို့ ကြိုးစားခဲ့ ပေမယ့် ခွင့်မပြုခဲ့ဘူးလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

“ဒီကိစ္စတွေနဲ့ပတ်သက်ပြီး လွှတ်တော်မှာလည်း တင်ဖူးတယ်။ မေးမြန်းခဲ့တာရှိတယ်။ ပထမဆုံး အမျက်တောင်ရွာမှာ အိမ် ၁၂ လုံး မီးရှို့ခံရတာရှိတယ်။ အဲဒီကိစ္စလွှတ်တော်မှာ မေးခဲ့တယ်။ ဒါပေမဲ့ လွှတ်တော်က မေးခွင့်မပေးဘူး။ ဆိုတော့ နောက်ပိုင်းမှာလည်း ဒီလိုဟာမျိုး အခုဆိုရင် ကျောက်တန်းရွာမှာ လူမရှိတာလည်းကြာပြီ။ ဒီအထဲမှာ ရွာကိုသက်သက်ဒီလိုမျိုး မီးလောင်မှုတွေဖြစ်တယ်ဆိုတော့ အစိုးရနဲ့ လွှတ်တော်ဟာ တာဝန်အရှိဆုံး အဖွဲ့အစည်းကြီးတွေလေ။ သူတို့ကတာဝန်ယူပြီးတော့ ဒီဟာတွေကို ပြည်သူလူထုနစ်နာမှုတွေကို ဘယ်လိုကာကွယ်ပေးမလဲ၊ ဆုံးရှုံးသွားတဲ့လူတွေကို ဘယ်လိုလျော်ကြေးတွေ ပေးမလဲ၊ စစ်ရှိန်တွေ မြင့်တက်လာမှုကို ဘယ်လိုထိန်းချုပ်မလဲဆိုတာတွေက အဓိကအရေးကြီးဆုံးဖြစ်တဲ့ အစိုးရနဲ့လွှတ်တော်မှာ တာဝန်ရှိတာပေါ့”

ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခက မနေ့က ကျောက်တန်းရွာအနီးမှာ တိုက်ပွဲဖြစ်တာ မရှိတာကြောင့် အေအေအဖွဲ့ကို ထောက်ခံမှုရပ်တန့်အောင် လုပ်ဆောင်တဲ့သဘောမျိုးလို့ ယူဆပါတယ်။

ဒီလုပ်ရပ်တွေကို ရပ်တန့်ဖို့လိုကြောင်းလည်း ခိုင်သုခကပြောပါတယ်။

“ဒီလိုမျိုး အပြစ်မဲ့ပြည်သူတွေရဲ့ နေအိမ်တွေ၊ ကျေးရွာတွေကို မတရားမီးရှို့ဖျက်ဆီးနေတဲ့ဥစ္စာက ဒါကို မြန်မာစစ်တပ်အနေနဲ့ ရပ်တန်းကရပ်ဖို့ လိုတယ်ဗျ။ အဲဒီလိုလုပ်ရပ်မျိုးကို ရပ်တန်းကမရပ်ဘူး ဆိုလို့ရှိရင် တစ်ဘက်က သည်းခံနိုင်မှုအတိုင်းအတာ ကုန်သွားလို့ရှိရင်တော့ တန်ပြန်သက်ရောက်မှုတွေ အများကြီး ရှိလာနိုင်တယ်ဆိုတာကို မြန်မာစစ်တပ်အနေနဲ့ သတိပြုစေချင်တယ်။ ကျွန်တော်တို့ကနေပြီးတော့ လူမျိုး တစ်ခုနဲ့တစ်ခုကြားမှာ ဖြေရှင်းလို့မရနိုင်တဲ့ ပြဿနာတွေတက်တဲ့အထိ ကျွန်တော်တို့ မဖြစ်ချင်ဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ဘက်ကနေပြီးတော့ မြန်မာစစ်တပ်ကို ပြောချင်တာကတော့ အခုလုပ်ရပ်မျိုးကို ရပ်တန်းကရပ်ပါလို့ ပြောချင်တာရှိတယ်ဗျ”

အခုလို အရပ်သားတွေရဲ့ အိုးအိမ်တွေကို ပျက်စီးအောင်လုပ်တာဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် အလှမ်းဝေးမှာဖြစ်တယ်လို့ ခိုင်သုခကပြောပါတယ်။

မနေ့က ကျောက်တန်းကျေးရွာကိစ္စအပြင် အေအေဘက်က ပြောဆိုချက်တွေနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးနဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ထံ RFA က ဒီနေ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ်ကနေ ဒီနေ့အထိ အချိန် တစ်နှစ်ကျော်ကြာကာလအတွင်း နေအိမ်တွေ မီးလောင်ဆုံးရှုံးမှုတွေရှိခဲ့တဲ့ ရွာ ၁၇ ရွာထဲမှာ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ စတဲ့မြို့နယ်တွေမှာ အများဆုံးဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org