ဂန့်ဂေါ နှမ်းခါးကျေးရွာက နေအိမ်အချို့ မီးရှို့ခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာက နေအိမ်တွေကို စက်တင်ဘာလ ၁၃ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ဒုတိယအကြိမ် မီးထပ်ရှို့သွား တယ်လို့ နှမ်းခါးကျေးရွာ ဒေသခံတွေက ပြောပါတယ်။

၂၀၂၁၊ စက်တင်ဘာ ၁၃ ရက်နေ့က စစ်ကောင်စီတပ်သားတွေ မီးထပ်ရှို့သွားတဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာက နေအိမ်တစ်လုံးကို တွေ့ရစဉ် Photo: Citizen Journalist

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာက နေအိမ်တွေကို စက်တင်ဘာလ ၁၃ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ဒုတိယအကြိမ် မီးထပ်ရှို့သွားတယ်လို့ နှမ်းခါးကျေးရွာ ဒေသခံတွေက ပြောပါတယ်။

RFA ကဆက်သွယ်တဲ့ နေ့လယ်ပိုင်းအထိ အိမ်ခြေ (၁၄) လုံး မီးလောင်ကျွမ်းနေဆဲဖြစ်ပြီး စစ်ဘေးရှောင်တွေအတွက် လှူဒါန်းမယ့် စားနပ်ရိက္ခာတွေထားတဲ့ တဲနှစ်လုံးပါ မီးလောင်သွားတယ်လို့ နှမ်းခါးကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မီးရှို့ခံရတာဖြစ်ပြီး ဒီနေ့က ဒုတိယအကြိမ် မီးရှို့ခံရတာလို့ ဒေသခံတွေက ဆိုပါတယ်။

နှမ်းခါးကျေးရွာဟာ မကွေးတိုင်း၊ ဂန့်ဂေါ-ကလေး လမ်းပိုင်းအနီးမှာ ရှိပြီး အိမ်ခြေတစ်ထောင်ကျော် ရှိပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းကလည်း နှမ်းခါးကျေးရွာက နေအိမ် ၃၆ လုံး မီးရှို့ခံခဲ့ရပါသေးတယ်။

အလားတူ ဒီကနေ့မှာပဲ ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ရွာက လူနေအိမ်တွေကိုလည်း စစ်ကောင်စီတပ်ဘက်က မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

နှမ်းခါးကျေးရွာက နေအိမ်တွေကို မီးရှို့တာဟာ စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ ဒေသခံတွေ ပြောဆိုနေကြတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org