မြဝတီမှာ ငွေလဲလှယ်လုပ်ငန်းလုပ်သူ ငါးဦးထက်မနည်း ဖမ်းဆီးခံရ
ကရင်ပြည်နယ် မြဝတီမြို့မှာ ထိုင်းဘတ်ငွေနဲ့ မြန်မာကျပ်ငွေကို အဓိကထား ရောင်းဝယ်သူ ငါးဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဩဂုတ်လ ၁၃ ရက် မနေ့ ညနေ ၄ နာရီကျော်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2022-08-14
-
-
-
ကရင်ပြည်နယ် မြဝတီမြို့မှာ ထိုင်းဘတ်ငွေနဲ့ မြန်မာကျပ်ငွေကို အဓိကထား ရောင်းဝယ်သူ ငါးဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဩဂုတ်လ ၁၃ ရက် မနေ့ ညနေ ၄ နာရီ ကျော်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူ အများစုဟာ မြဝတီမြို့ အမှတ် (၁) ချစ်ကြည်ရေး တံတားနားက ကြံခင်းလမ်းထဲမှာ လုပ်နေသူတွေဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ မြဝတီ မြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
"ဖမ်းခံရတာ ဟုတ်ပါတယ်။ ဒီမနက်ကြားတာ ငါးဦးကျော်တယ်လို့ သိထားတယ်။ ကျနော့်အမျိုးတွေလည်း အဲဒီလမ်းထဲမှာ ငွေရောင်းဝယ်ကြတာ။ လာဖမ်းတဲ့အချိန် မြဝတီမြို့နယ်က စည်ပင်၊ ရဲနဲ့ စစ်သားတွေ ပါကြတယ်။ မြင်မြင်သမျှအကုန် ဆွဲဖမ်း ပြီးတော့ ကားပေါ်တင်သွားကြတာ။ ပြန်လွှတ်ပေးတယ်လို့တော့ မကြားသေးဘူး"
မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းအောင် ငွေကစားနေတယ်လို့ စွပ်စွဲချက်နဲ့ ငွေအရောင်း အဝယ် လုပ်နေသူတွေကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အဖမ်းခံရသူတွေထဲမှာ တရားမဝင်လုပ်ကိုင်သူတွေအပြင် တရားဝင်လိုင်စင်နဲ့ လုပ်ကိုင် သူတွေပါ ပါဝင်ပြီး သူတို့ကို ဘယ်နေရာမှာ ချုပ်နှောင်ထားလဲဆိုတာတော့ အတိအကျ မသိရသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။
နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမြို့မှာ ဩဂုတ်လ ၁၄ ရက် ဒီနေ့ ထိုင်းဘတ်ငွေ ၁၂၇၅ ဘတ်ကို မြန်မာကျပ်ငွေ တစ်သိန်းနဲ့ ရောင်းဝယ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ်လ ၁၄ ရက် ဒီနေ့မနက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါးနဲ့ ဝင်ရောက် စစ်ဆေးတာတွေ ရှိနေတာကြောင့် အဲဒီကြံခင်းလမ်းထဲမှာ ငွေလဲသူရော၊ ငွေလဲပေးတဲ့ ဆိုင်ခန်းတွေရော မရှိဘဲ ရှင်းလင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်မြို့က အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေလဲလှယ်တဲ့လုပ်ငန်း လုပ်ကိုင် သူအချို့ကိုပါ စစ်ကောင်စီဘက်က စုံစမ်းတာတွေလုပ်နေပြီး ဖမ်းဆီးဖို့ ကြိုးစားတာတွေ ရှိတယ်လို့ ပြောဆိုနေကြပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
လက်ရှိ ပြင်ပဒေါ်လာပေါက်ဈေး တစ်ဒေါ်လာကို ကျပ် ၃၀၀၀ ဝန်းကျင်အထိရှိနေသလို ထိုင်းဘတ်ကလည်း တစ်ဘတ်ကို မြန်မာငွေ ၇၈ ကျပ်အထိ ဖြစ်နေတာကြောင့် စစ် ကောင်စီအနေနဲ့ အခုလိုဖမ်းဆီးတာတွေ လိုက်လုပ်နေတာလို့ ငွေအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေသူအချို့က ပြောပါတယ်။