အမ်းနဲ့ မင်းပြားမှာ အရပ်သား ငါးဦး ပစ်ခတ်ခံရ
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ထောင့်ချေကျေးရွာသားတစ်ဦးဟာ မနေ့က လယ်ယာလုပ်ငန်းခွင်မှာ ပစ်ခံရပြီး ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံမှာ တက်ရောက် ကုသနေရပါတယ်။
-
2020-07-27 -
-
-
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ထောင့်ချေကျေးရွာသားတစ်ဦးဟာ မနေ့က လယ်ယာလုပ်ငန်းခွင်မှာ ပစ်ခံရပြီး ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံမှာ တက်ရောက် ကုသနေရပါတယ်။
အလားတူ မနေ့ကလည်း အမ်းမြို့နယ် သဲကမ်းထောင်ရွာထဲကို လက်နက်ကြီး ကျည်ကျပြီး ရွာသားလေးဦး ထိမှန်ခဲ့တာကြောင့် ကမ်းထောင်းကြီး ဆေးရုံမှာ ကုသမှု ခံယူနေကြရပါတယ်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ မနေ့က ညနေ လေးနာရီလောက်က ထောင့်ချေကျေးရွာသား တစ်ဦး သေနတ်ပစ်ခတ်ခံရလို့ ဒဏ်ရာပြင်းထန်ရခဲ့ပါတယ်။
သူဟာ အသက် ၄၀ ကျော် အရွယ် ဦးထွန်းဝင်းဖြစ်ပြီး လယ်ယာလုပ်ငန်းခွင်မှာ ရှိနေစဉ် ပစ်ခတ်ခံရလို့ ညဘက်ပေါင် ဒဏ်ရာရသွားခဲ့တာဖြစ်တယ်လို့ သူ့ရဲ့ညီဖြစ်သူ ဦးထွန်းမြင့်အေးက RFA ကိုပြောပါတယ်။
"သူက လယ်ပြင်မှာကျန်ခဲ့တဲ့ နွားကိုယူဖို့ သွားတယ်။ အဲဒီမှာ အပစ်ခံရလို့ ဒဏ်ရာရသွားတာပါ။ တောင်ပေါ်ကပစ်တယ်လို့ပြောတယ်။ ကျည်ကလမ်းမပေါ်မှာ ကျပြီးမှ သူ့ဆီထိတာ။ တိုက်ရိုက်ထိသွားတယ် ဆိုရင်တော့ နှစ်ဘက်လုံး ပေါက်ထွက်သွားမယ်လို့ သူကပြောတယ်။”
ဒဏ်ရာရသွားခဲ့တဲ့ ဦးထွန်းဝင်းကို မနေ့ ညနေက မင်းပြားဆေးရုံကို အရေးပေါ်ပို့ခေါ်ခဲ့ရပြီး အဲဒီကနေတစ်ဆင့် ဒီနေ့ မနက်မှာ စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့ရတာဖြစ်ပါတယ်။
ဒဏ်ရာရသွားတဲ့ ဦးထွန်းဝင်းနဲ့ ဆွေမျိုးတော်စပ်သူ ဦးခင်မောင်သိန်းကတော့ တပ်မတော်ကပစ်လို့ ဒဏ်ရာရသွားခဲ့တာလို့ ပြောပါတယ်။
“အနားမှာ သူနဲ့အတူတူသွားတဲ့ နွားကျောင်းသားတချို့ရှိတယ်။ သူက စက်ဘီးစီးလို့ သွားတာ။ အပစ်ခံရတဲ့အခါ စက်ဘီးတခြား လူတခြားဖြစ်သွားတယ်။ အဲဒါကိုမြင်တဲ့အခါ စက်ဘီးကို သူတို့က ယူခဲ့တယ်။ ပြီး ရွာကို အကြောင်းကြားတယ်။ ကိုထွန်းဝင်းတစ်ယောက် စစ်သား သွားပစ်လိုက်လို့ ပေါင်ကျိုးသွားတယ် ပြောတယ်။ တချို့ကလည်း သေသွားပြီလို့ပြောကြတယ်။ ကျွန်တော်တို့လည်း အဲဒီအချိန်မှာ ချက်ချင်းသွားကြည့်ဖို့လည်း မဖြစ်နိုင်။ ရွာကဘုန်းကြီးကျောင်းမှာ စစ်သားဗိုလ်ကြီး ဖုန်းနံပါတ်ရှိတယ်။ သူတို့ကိုအကြောင်းကြားတယ်။ သူတို့က သူတို့ မပစ်ဘူးလို့ ပြောတယ်။ အဲဒီအနားက မျက်မှုန်းတော်ဓာတ် ဘုရားအနားကအဖွဲ့တွေ ပစ်တာလို့ ပြောတယ်။ အဲဒီအနားမှာလည်း စစ်သားတွေရောက်နေတယ်။ ကျွန်တော်အကိုပြောတာက တောင်ပေါ်က သူတို့ပစ်တာလို့ ပြောတယ်။”
အလားတူ မနေ့ကလည်း ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာအုပ်စု သဲကမ်းထောင်း ကျေးရွာထဲကို လက်နက်ကြီးကျည် ကျတာကြောင့် ဒေသခံ အရပ်သားလေးဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မနက် ၁၁ နာရီလောက်က သဲကမ်းထောင်းကျေးရွာဘက်မှာ လက်နက်ကြီးကျည် နှစ်လုံးကျခဲ့ပြီး တစ်လုံးက ရွာထဲကိုကျတာကြောင့် ဒေသခံ လေးဦး ထိခိုက် ဒဏ်ရာရသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"ရွာထဲကိုကျတယ်၊ ဘာမှအဖြစ်ဘူး၊ ကဇူးကိုင်းတောင်ပေါ်ကပစ်တာ၊ ဒီရွာမှာ ဘာမှမဖြစ်ဘူး၊ တစ်ခါမှလည်း မဖြစ်ဖူးဘူး၊ ရွာထဲကို လက်နက်ကြီး နှစ်လုံးကျတယ်၊ အိမ်က တစ်လုံးပြိုသွားတယ်။ လက်နက်ကြီးကျလို့ တစ်လုံးက ရွာစပ်ကျတယ်၊ တစ်လုံးက ရွာထဲကျလို့ လေးယောက်ဒဏ်ရာရတယ်။ ကမ်းထောင်းကြီးဆေးရုံကို တင်ထားပါတယ်။"
လက်နက်ကြီးကျတာကြောင့် အိမ်ခြေ ၈၀ ရှိတဲ့ သဲကမ်းထောင်း ကျေးရွာသားတွေလည်း နီးစပ်ရာ ထွက်ပြေးကြသလို တချို့က ရွာထဲမှာ ပုန်းနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကျတာကြောင့် အသက် ၄၀ အရွယ် ဦးမောင်မောင်သန်း နံရိုးဘေးမှာ ထိမှန်ခဲ့ပြီး အသက် ၃၁ အရွယ် ဦးထွန်းထွန်းသိန်းမှာလည်း လည်ပင်းမှာ ထိမှန်သလို၊ အသက် ၂၀ ကျော် အရွယ် ကိုငလုံး မျက်နှာနဲ့ အသက် ၂၀ အရွယ် မမေလှချေမှာလည်း ဗိုက်မှာထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လည်ပင်းကို ထိမှန်တဲ့ ဦးထွန်းထွန်းသိန်းဟာ နေအိမ်မှာ ထမင်းစားနေချိန် လက်နက်ကြီးကျည် လာစင်ပြီး မှန်တာလို့ သူအမျိုးသမီးက ပြောပါတယ်။
"လက်နက်ကြီးကျည်ကျလို့ လေးယောက်ဆေးရုံမှာ ဆေးကုသနေရတယ်၊ စိုးရိမ်ရလားဆို ဆရာဝန်ကြီးတော့ မမေးရသေးဘူး၊ ဆရာဝန်ကြီးရောက်မှ မေးကြည့်ရမယ်၊ အမ ယောက်ျားက လည်ပင်းမှာ တစ်ချက်၊ ဗိုက်ကြောမှာ တစ်ချက်၊ အမယောက်ျားက အိမ်မှာပဲ အဲချိန်တုန်းက ထမင်းစားနေတာ၊ ရွာထဲကို လက်နက်ကြီး ကျတယ် ဘယ်နေရာကျလည်းတော့မသိဘူး အဲမှာလာစင်ပြီး ထိတာ။"
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အမ်းနဲ့ မင်းပြားမြို့နယ်တွေက အရပ်သားတွေ မနေ့က ထိခိုက်ဒဏ်ရာရခဲ့တာဟာ တပ်မတော်က ပစ်ခတ်တာမဟုတ်ကြောင်း ပြောပါတယ်။ AA အဖွဲ့က ပစ်ပြီး တပ်မတော်ကို လွှဲချတာဖြစ်နိုင်သလို AA အမာခံတွေက စွပ်စွဲပြောဆိုတာတွေလည်း ဖြစ်နိုင်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
တပ်မတော်ရဲ့ စွပ်စွဲပြောဆိုချက်နဲ့ ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူခိုင်သုခကို RFA မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အမ်းမြို့ဒေသခံ ကိုမျိုးလွင်ကတော့ ကဇူးကိုင်းအုပ်စုမှာ တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်တာကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရတာ သုံးရွာရှိတယ်လို့ ပြောပါတယ်။
“ကဇူးကိုင်းမှာတော့ တပ်မတော်က နေတိုင်းလိုလို လက်နက်ကြီးတွေနဲ့ ပစ်နေတယ်၊ ကဇူးကိုင်းထဲမှာ ကျေးရွာ ရှစ်ရွာရှိတယ်၊ အဲမှာ ကျေးရွာသုံးရွာက ရွာလုံးကျွတ်ထွက်ပြေးသွားကြပြီ၊ ခုဖြစ်တဲ့ရွာ ဆိုရင်လည်း ၅၀ ရာခိုင်နှုန်းလောက် ထွက်ပြေးသွားကြပြီ၊ လူဦးရေ ရှစ်ထောင်ကျော်နေထိုင်တဲ့ ကဇူးကိုင်းအုပ်စုမှာ လူဦးရေ တစ်ထောင်ကျော်လောက် အများစု ကန်းထောင်းကြီးကို ထွက်ပြေးသွားကြပြီ။”
RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ ဒီနေ့ ဇူလိုင် ၂၇ ရက်နေ့အထိ သေဆုံးတဲ့ အရပ်သား ၂၇၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၅၉၃ ဦးအထိ ရှိနေပါတယ်။