ဆီဆိုင်မြို့ ဒေသခံတစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရ
ဆီဆိုင်မြို့နယ် ရဲစခန်းကို (PNLA) က တိုက်ခိုက်သိမ်းယူလိုက်ပြီး စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် မြို့ ခံလူဦးရေ တစ်သိန်းကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။
-
RFA Burmese
2024-01-25 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ရဲစခန်းကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က တိုက်ခိုက်သိမ်းယူလိုက်ပြီး စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် မြို့ ခံလူဦးရေ တစ်သိန်းကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
PNLA က မြို့နယ်ရဲစခန်းကို ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းမှာ သိမ်းယူခဲ့တာဖြစ်ပြီး အဲဒီအချိန်ကနေ ဇန်နဝါရီ ၂၅ ရက် နေ့လယ်ပိုင်းအထိ စစ်ကောင်စီဘက်က လေကြောင်းကနေ ခြောက်ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
နှစ်ရက်တာ တိုက်ပွဲအတွင်း အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာပြီး မြို့နေလူထု တစ်သိန်းကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးကပြောပါတယ်။
“အခုလေးတင်ပဲ လေယာဥ်နဲ့ လာပစ်သွားတာ။ ဖြစ်နေတာက ဆီဆိုင်မြို့ထဲရော မြို့အထွက်မှာရောပဲ။ အဖွဲ့ကတော့ အဖွဲ့အစုံလို့ ပြောတာပဲဗျ။ တပ်စခန်းတွေ သိမ်းတယ်ဆိုတဲ့အသံတော့ ထွက်နေတယ်။ သေချာမသိရသေးဘူး။ ရဲစခန်းကတော့ မနေ့ကတည်းက လူတွေမရှိတော့ဘူး။ သိမ်းထားပြီ။ အခုမြို့က လူတွေအားလုံး ထွက်ပြေးနေကြပြီ။ ပြေးတဲ့သူက တစ်သိန်းကျော်ပြီ။ ကျွန်တော်တို့ အခုကူညီပေးနေတာ”
ဟိုပုံးမြို့နယ် နောင်စံဖူးကျေးရွာမှာ ဇန်နဝါရီ ၂၁ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ပအိုဝ်း ပြည်သူ့စစ်တပ်ဖွဲ့က ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ရဲ့ ကားတွေကို လက်နက်သယ်တယ်ဆိုပြီး စစ်ဆေးရာကနေ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု စတင်ခဲ့ပါတယ်။
နောက်တစ်ရက် ဇန်နဝါရီ ၂၂ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က ဆီဆိုင်မြို့ထဲကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နောင်ထောဝ်ကျေးရွာမှာ ကယား (ကရင်နီ) ပြည်နယ်က တိုက်ပွဲတွေကြောင့် လာရောက်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် နှစ်ဦးသေဆုံးခဲ့ပါတယ်။
ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ PNLA က ဇန်နဝါရီ ၂၃ ရက်နေ့မှာ နောင်ထောဝ်ကျေးရွာရှိ ပအိုဝ်း ပြည်သူ့စစ်စခန်းတွေနဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက်မှာ နှစ်ဖက်တိုက်ပွဲတွေ ပိုပြင်းထန်လာတာပါ။
ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
PNLA ရဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ PNLA ဟာ ဒေသအတွင်းက လူဆိုး၊ သူခိုးတွေရဲ့ရန်ကိုကာကွယ်ဖို့ လုံခြုံရေး ဆောင်ရွက်နေတာလို့ ဖော်ပြထားပါတယ်။
ပင်လောင်းနဲ့ ဆီဆိုင်ဟာ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားတဲ့မြို့တွေဖြစ်ပါတယ်။ အဲဒီအထဲက ဆီဆိုင်မြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ခြောက်ခုနဲ့ ကျေးရွာအုပ်စု ၁၃ စုရှိပါတယ်။ လူဦးရေ တစ်သိန်းခြောက်သောင်းကျော်နေထိုင်ပြီး အခြားဒေသကနေ လာရောက်နေတဲ့ စစ်ဘေးဒုက္ခသည်တွေက သုံးသောင်းလောက်ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာ တိုက်ပွဲကြောင့် တခြားဒေသကနေ လာရောက်ခိုလှုံနေသူတွေပါ ဆီဆိုင်ကနေ ဘေးလွတ်ရာကို ထပ်မံ တိမ်းရှောင်နေရတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။