ကော့သောင်းပင်လယ်ပြင်မှာ ဖမ်းဆီးခဲ့သူအများစု မောင်တောဒေသခံတွေဖြစ်
တနင်္သာရီတိုင်းကော့သောင်းရေပြင်မှာ ဒီဇင်ဘာလတုန်းက ဖမ်းမိပြီး မောင်တောကိုပြန်ပို့ထားတဲ့ ရိုဟင်ဂျာ ၁၅ဝ ကျော်ထဲက ၁၃ဝ ကျော်ဟာ မြန်မာနိုင်ငံမှာ နေထိုင်ကြောင်း စစ်ဆေးတွေ့ရှိတာကြောင့် သူတို့နေထိုင်ခဲ့တဲ့ရွာတွေကို ပြန်ပို့လိုက်တယ်လို့ မောင်တောခရိုင် တာဝန်ရှိသူတွေကပြောပါတယ်။
-
ကျော်လွင်ဦး
2020-02-06 -
-
-
မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်းမှာ ကော့သောင်းကနေပြန်ပို့တဲ့ ရိုဟင်ဂျာ ၁၅၀ ကျော်ထဲက စိစစ်ခဲ့ပြီး မြန်မာနိုင်ငံသားအဖြစ်စိစစ်လို့ရတဲ့ ၁၃၀ကျော်ကို သူတို့နေထိုင်ခဲ့တဲ့မြို့နယ်တွေကို ပြန်ပို့လိုက်ပြီလို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင် ကပြောပါတယ်။ သူတို့ကို ရက်ပေါင်းနှစ်ဆယ်ကျော် ထိန်းသိမ်း စစ်ဆေးပြီး ပြန်ပို့ခဲ့တာပါ။
“ပြီးသွားပြီလေ ဒီမှာနေတဲ့လူတွေကို ပြန်ပို့လိုက်ပြီ၊ စစ်လို့မရတဲ့လူတွေ ဒီမှာနည်းနည်းကျန်သေးတယ်၊ ၁၃၃ယောက်က သူတို့အရင်ကနေခဲ့တဲ့ရွာရှိတဲ့လူတွေက ရွာပြန်တယ်၊ မရှိတဲ့သူတွေက ဆွေမျိုးရှိရင် ဆွေမျိုးတွေဆီ အပ်ပေးလိုက်တယ်”
ဒီ ၁၅၅ ဦးထဲက မောင်းတောခရိုင်မှာနေထိုင်ကြောင်း စစ်ဆေးတွေရှိတဲ့ ရိုဟင်ဂျာ ၁၃၃ ဦးကို နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြား NVC ကတ် ထုတ်ပေးခဲ့တယ်လို့ ငါးခူရပြန်လည်လက်ခံရေးစခန်းရဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦး က ပြောပါတယ်။
ကော့သောင်းကပြန်ပို့လိုက်တဲ့အထဲက ၂၀ ကျော်ကတော့ မြန်မာနိုင်ငံမှာ နေထိုင်ကြောင်း ခိုင်လုံတဲ့သက်သေ မပြနိုင်တာကြောင့် အစိုးရအဖွဲ့ဆီ တင်ပြထားတယ်လို့ မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်း လဝက ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦး ကပြောပါတယ်။
“ကျနော်တို့အကုန်စစ်ဆေးပြီးသွားပြီ အဲအထဲက ၂၁ ယောက်ကျန်တယ်၊ သူတို့ကိုထွေအုပ်ကနေ ပြည်နယ်အစိုးရအဖွဲ့ကိုတင်ပြထားတယ်၊ သူတို့ကိုခွင့်ပြုချက်ရရင်လုပ်မယ်၊ ခွင့်ပြုချက်မရရင်တော့ ဆက်မလုပ်ဘူး၊ သူတို့အဖိုးအဘွားတွေကတော့ ဒီဘက်မှာနေခဲ့ဖူးတာရှိတယ်၊ ဒါပေမဲ့ သံသယရှိတဲ့အကြောင်းအရာတွေလည်းရှိတာပေါ့”
ဖမ်းဆီးရမိတဲ့သူတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးပါဝင်တယ်လို့ စစ်ဆေးတွေရှိခဲ့ပြီး သူကိုပြန်ပို့ဖို့ နှစ်နိုင်ငံညှိနှိုင်းနေတယ်လို့ ဦးစိုးအောင် ကပြောပါတယ်။
မြန်မာနိုင်ငံကိုပြန်လာတဲ့လူတွေထဲမှာ ဒီပြန်လာတဲ့လူတွေဟာ ရွာတွေဆွေမျိုးရှိတဲ့သူတွေအတွက် အဆင်ပြေပေမယ့် ဆွေမျိုးမရှိတဲ့သူတွေအတွက် အဆင်မပြေနိုင်ဘူးလို့ မောင်တောဒေသခံ ဦးဟာမတ်ရှရီ ကပြောပါတယ်။
“မောင်တောမြို့မှာ ရွာတွေမှာ လူတွေကျန်ခဲ့တာရှိတယ်၊ ထွက်မပြေးဘဲနဲ့ ရွာတွေကော၊ လူတွေကော ကျန်ခဲ့တာရှိတယ်၊ အဲမှာကော့သောင်းက ပြန်လာတဲ့လူတွေကနေပြီးတော့ သူတို့အမျိုးရှိတဲ့ရွာတွေပေါ့ အဲလို့ပဲသွားတာတွေ့ပါတယ်၊ ဒါပေမဲ့ ခုလောလောဆယ်ရွာလည်းမရှိဘူး၊ လူလည်းမရှိဘူးဆိုရင်တော့ သွားလို့ဘယ်အဆင်ပြေပါ့မလဲ”
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ Fortify Right အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းကတော့ မနေချင်လို့ထွက်ပြေးခဲ့တဲ့လူတွေကို အခုလို့ ပြန်ပို့တာထက် သူတို့ဟာဘာကြောင့် ကိုယ်နေရပ်ကနေ ထွက်ပြေးရတယ်ဆိုတဲ့အချက်ကို အရင်ဖြေရှင်းသင့်တယ်လို့ ပြောပါတယ်။
“မနေချင်တော့တဲ့လူတွေက ပြန်ပို့သော်ငြားလည်း နေလို့မရဘူးအဆင်မပြေဘူးဆို ပြန်ထွက်ပြေးမှာဘဲ၊ မြန်မာ ရေပိုင်နက်မှာရောက်လာရင် ဖမ်းမိတာဖြစ်ချင်ဖြစ်မယ်၊လွတ်သွားပြီး တခြားနိုင်ငံရောက်သွားတာဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ ဖြစ်နေတဲ့အဓိကအကြောင်းအရင်းတွေက ဘာကြောင့်သူတို့အဲဒေသမှာမနေနိုင်တာလည်း၊ ဘာကြောင့် ထွက်ပြေးနေတာလည်း၊ ဘာကြောင့်ထွက်ပြေးချင်တာလည်းဆိုတာတွေကို အစိုးရကသေသေချာချာနားလည် အောင် ကြိုးစားတဲ့ဟာမျိုးပြုလုပ်ပြီးသာလျှင် အဖြေရှာတဲ့နည်းလမ်းတွေ စဉ်းစားစေချင်တယ်”
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေ၊ စစ်တွေဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးလာကြတဲ့ လူပေါင်း ၁၇၀ ကျော် လိုက်ပါလာတဲ့ စက်လှေကို ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၅ ရက်နေ့က ကော့သောင်းမြို့နဲ့ ရေမိုင် ၁၅၀ ကျော်လောက် အကွာမှာ တပ်မတော်ရေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
သူတို့ကိုဇန်နဝါရီလ ၈ ရက်နေက တပ်မတော်ရေယာဉ်နဲ့ ပြန်ပို့ခဲ့တာဖြစ်ပြီး အဲအထဲမှာ စစ်တွေမြို့က ၁၇ ဦး ကိုလည်း မိသားစုဆီကို အာဏာပိုင်တွေက ပြန်အပ်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းတွေ၊ စစ်တွေနဲ့ ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေဟာ အလုပ်အကိုင်အခွင့်အလမ်းအတွက် ကုန်းလမ်း၊ ရေလမ်းတွေကနေ ပြည်တွင်းထဲ၊ ဒါမှမဟုတ် မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို ထွက်ခွာနေကြတာပါ။