ချင်းပြည်နယ်ရဲ့ လူဦးရေ ထက်ဝက်နီးပါး စစ်ဘေးရှောင်နေရ

ချင်းပြည်နယ်က လူဦးရေရဲ့ ထက်ဝက်နီးပါးဖြစ်တဲ့ လူနှစ်သိန်းခွဲခန့်ဟာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ (CHRO) က ‌ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ် တွန်းဇံမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ချင်းပြည်နယ်က လူဦးရေရဲ့ ထက်ဝက်နီးပါးဖြစ်တဲ့ လူနှစ်သိန်းခွဲခန့်ဟာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ‌ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေး ရုံးစာရင်းတွေအရ ချင်းပြည်နယ်မှာ လူဦးရေ ငါးသိန်းခန့်နေထိုင်ပြီး အဲဒီအထဲက လူဦးရေ ထက်ဝက်နီးပါးက အိုးအိမ်စွန့်ခွာခဲ့ရသလို တချို့က အိန္ဒိယနိုင်ငံအထိပါ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အပြည့်အဝမရဘဲ ဆိုးဆိုးရွားရွား အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်တွေ အကူအညီပေးရေးနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့မေလမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်လည်း ချင်းပြည်နယ် တွန်းဇံမြို့နဲ့ တီးတိန်မြို့‌‌ပေါ်က ဒေသခံ နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“တွန်းဇံက လူတွေက တီးတိန်ကို ပြေးတယ်။ တီးတိန်မှာတိုက်ပွဲဖြစ်တော့ တီးတိန်က လူတွေရော၊ တွန်းဇံက လူတွေပါ ကလေးမြို့ကို အများဆုံးပြေးကြတယ်။ နယ်စပ်ကိုလည်း ပြေးကြတယ်။ နေထိုင်စရာ အဓိကလိုတာပေါ့။ တချို့ဆို မိသားစုတွေ နှစ်စု၊ သုံးစု ပေါင်းနေရတာမျိုးတွေလည်း ရှိတယ်။ အစားအသောက်နဲ့ ဆေးဝါးတွေလည်း လိုနေပါတယ်”

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် သုံးသန်းကျော် ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org