နိုင်ငံတစ်ဝန်း ရေကြီးမှုကြောင့် လူ ၁၄ ဦး သေဆုံး
ရေကြီးမှုကြောင့် ရမည်းသင်းမြို့နယ်မှာ ၁၀ ဦးနဲ့ ပုသိမ်ကြီးမြို့နယ်မှာ တစ်ဦး၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တို့မှာ တစ်ဦး၊ လယ်ဝေးမှာ တစ်ဦး၊ ရှမ်းပြည်နယ် မိုင်းကိုင်မှာ တစ်ဦး စုစုပေါင်း အမျိုးသား ငါးဦးနဲ့ အမျိုးသမီး ကိုးဦး သေဆုံးခဲ့တာပါ။
-
RFA Burmese
2024-09-12 -
-
-
[Update: 1: 17 PM, Sep 12, 2024]
ရာဂီမုန်တိုင်းအရှိန်နဲ့ ရေကြီးမှုဒဏ်ကြုံနေရတဲ့ မန္တလေးတိုင်း၊ နေပြည်တော်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းက မြို့နယ်တွေမှာ ဒီနေ့မနက်အထိ ရေဘေးကြောင့် သေဆုံးသူ ၁၄ ဦးအထိ ရှိနေတယ်လို့ အကူအညီပေးနေသူတွေက RFA ကို ပြောပါတယ်။
ရေကြီးမှုကြောင့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ ၁၀ ဦးနဲ့ ပုသိမ်ကြီးမြို့နယ်မှာ တစ်ဦး၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တို့မှာ တစ်ဦး၊ လယ်ဝေးမြို့နယ်မှာ တစ်ဦး၊ ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်မှာ တစ်ဦး စုစုပေါင်း အမျိုးသား ငါးဦးနဲ့ အမျိုးသမီး ကိုးဦး သေဆုံးခဲ့တာပါ။
စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနကလည်း ရေကြီးမှုကြောင့် ရမည်းသင်းမြို့နယ်မှာ ရေဘေးသင့်သူ ငါးသောင်းလေးထောင်ခန့်ရှိနေတယ်လို့ စက်တင်ဘာလ ၁၁ ရက်ညက ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်ဝန်း ရေဘေးသင့်သူအရေအတွက်ကိုတော့ စစ်ကောင်စီက ထုတ်ပြန်ထားတာမရှိသေးပါဘူး။
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာတော့ တပ်ကုန်း၊ ပုပ္ဗသီရိ၊ ဇေယျာသီရိနဲ့ ပျဉ်းမနားမြို့နယ်တွေမှာ ရေအနည်းငယ် ပြန်ကျပေမဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဘာပြဿနာတက်နေလဲဆိုတော့ တချို့က လှေရှိပြီးတော့ မောင်းမဲ့သူက မရှိဘူး။ မောင်းမဲ့သူရှိတော့လည်း လှေက တစ်ခါမလုံလောက်၊ အဲလိုမျိုးဖြစ်နေတာ။ ဒုက္ခရောက်တာတော့များတယ် ဆိုးဆိုးရွားရွားပဲ။ ဘာဖြစ် လို့လဲဆိုတော့ ကယ်ဆယ်ရေးက အင်အားမမျှဘူးဖြစ်နေတယ်”
ရှမ်းပြည်နယ်အတွင်းက မိုင်းပေါက်၊ တာချီလိတ်နဲ့ ကျိုင်းတုံမြို့တို့မှာ ရေအနည်းငယ်ပြန်ကျပေမဲ့ ကလောနဲ့ အောင်ပန်းမြို့နယ်တို့မှာတော့ ရေမကျသေးဘဲ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ကရင်ပြည်နယ် မြဝတီမြို့နယ်မှာတော့ ရေပြန်ကျပေမဲ့ မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်တချို့မှာ ရေ လေးပေကျော်အထိ ရှိနေသေးတယ်လို့ ဆိုပါတယ်။
နေပြည်တော် တပ်ကုန်းမြို့နယ်မှာတော့ ဒီနေ့မနက်ပိုင်းမှာ ရေအနည်းငယ်ပြန်ကျသွားပေမဲ့ ကယ်ဆယ်ရေးတွေ ရောက်မလာလို့ ပိတ်မိနေတဲ့ ပြည်သူတွေ ရှိနေသေးတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦး က RFA ကို ပြောပါတယ်။
“ရေကတော့ ကျတာတော့ကျတယ်။ ဒါပေမဲ့ လူတွေကတော့ ရွာထဲမှာ ပိတ်မိနေတာ။ ဘယ်မှသွားမရဘူး။ ရေစီးက သန်နေသေးတော့ ရွာအပြင်ထွက်ပြီး ရေမကြီးတဲ့နေရာကို သွားလို့မရဘူး။ ဘုန်းကြီးကျောင်းမှာ စားစရာ သောက်စရာမရှိဘူးဖြစ်နေတာ”
သပြေကုန်းကျေးရွာ တစ်ခုတည်းမှာတင် ပိတ်မိနေသူ ငါးဆယ်ကျော်ရှိနေပြီး အစားအသောက်နဲ့ ဆေးဝါးတွေ အရေးတကြီးလိုအပ်နေတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကတော့ မြန်မာနိုင်ငံက သာစည်၊ ရမည်းသင်း၊ ပင်လောင်း၊ ဘားအံ၊ လွိုင်လင်၊ တောင်ကြီးနဲ့ တပ်ကုန်း စတဲ့ မြို့နယ် ခုနစ်ခုမှာ စက်တင်ဘာလ ၁၁ ရက်နေ့က မိုးရေချိန် စံချိန်သစ်တင်ခဲ့တယ်လို့ စက်တင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်တောင်း၊ ရွှေကျင်၊ သံလွင်၊ သောင်ရင်း၊ ဘီးလင်းနဲ့ ပဲခူးမြစ်ရေတွေ မြင့်တက်လာနိုင်တာကြောင့် ကရင်၊ ပဲခူးနဲ့ မွန်ပြည်နယ်က မြို့ခုနစ်မြို့မှာ မြစ်ရေကြီးနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း နိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှုကြောင့် လူဦးရေ လေးသိန်းနီးပါး (၃၉၃,၀၀၀ ခန့်) ရေဘေးသင့်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဩဂုတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။